ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာတွင် စက်တင် ဘာ ၂၂ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဘူးသီးတောင် မြို့နယ်ရဲမှူး သောင်းငွေ ထံမှ သိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ မှန်သော်လည်း ကနဦး အရပ်သတင်းများအရ ဗလီ ဝန်းတခုအတွင်း ပေါက်ကွဲခြင်းဖြစ်သည်ဆိုသည့် သတင်းများနှင့် ပျက်စီးဆုံးရှုံးမှု၊ လူများထိခိုက်မှုရှိမရှိကိုမူ မြေပြင်သတင်းများကို အတည်ပြုနိုင်ရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။
ရဲမှူး သောင်းငွေက “ ဗုံးကွဲတာတော့ မှန်တယ်။ အဲ့လိုသိရတယ်။ ကျနော်တို့ ဖုန်းအဆက်အသွယ်ပဲရှိတာကိုး ဗလီတွေ ဘာတွေနေရာတော့ ကျနော်တို့ အတိအကျမရသေးဘူးခင်ဗျာ။ ပေါက်တာတော့ မှန်တယ်။ တခြားဘာမှ မရသေးဘူးကျနော်တို့လည်း အသဲအသန် လိုက်တုန်း” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) မှ ဘူးသီးတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က မိမိတို့နှင့် အလှမ်းဝေးသည့်အတွက် စုံစမ်း၍ မရသေးကြောင်း ထိုမီးကျောင်းဈေးသည် တိုင်းရင်းသားကျေးရွာများဖြင့် အလှမ်းဝေးကြောင်းဆိုသည်။
“ကျနော်တို့ အလှမ်းဝေးတယ်။ အလှမ်းဝေးတော့ကျ ကျနော်တို့ စုံစမ်းလို့ မရသေးဘူးဗျာနော့်။ မီးကျောင်းဈေး က ရွာပါ။ ကျနော်တို့နဲ့ ဒီနေရာနဲ့ကျတော့ အလှမ်းဝေးတယ်။
တိုင်းရင်းသားရွာက အဲ့ဒီနေရာနဲ့ အလှမ်းဝေးတယ်။ အဲ့အတွက်ကြောင့်မလို့ စုံစမ်းလို့ မရဘူး။ အဲ့လိုအခြေအနေဖြစ်နေတယ်” ဟု ၎င်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် မြို့နယ် သုံးမြို့နယ်ရှိ ရဲကင်း ၃၀ ကို ARSA အကြမ်းဖက်သမားများ က ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် တိုက်ခိုက်ခဲ့ရာ ၃၁ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲ ၉၀ ကျော်ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ပြန်လည် တည်ငြိမ်ရေးအတွက် အစိုးရမှ ဆောင်ရွက်နေသကဲ့သို့ လူမျိုး၊ ဘာသာမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးအပ်မှု လုပ်ငန်းများအားဆောင်ရွက်နေကြောင်းသိရသည်။