၂၀၁၇ ခုနှစ် ဇူလိုင်လ က စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 ပိုးတွေ့လူနာမှာ ယခု စက်တင်ဘာလတွင် ထပ်မံမတွေ့တော့သဖြင့် H1N1 ရောဂါသည် စိုးရိမ်စရာမရှိတော့ကြောင်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆိုအရ စက်တင်ဘာ ၁၃ ရက်နေ့စတင်ပြီး ပိုးတွေ့လူနာမရှိတော့ကြောင်း၊ ဖြစ်စဉ် စတင်ခဲ့သည့် ဇူလိုင်လမှ သြဂုတ်လကုန်အထိ သေဆုံးသူ ၃၈ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။
“ပိုးမတွေ့တာ ကြာပါပြီ။ စက်တင်ဘာ ၁၃ ရက်နေ့နောက်ပိုင်းမှာ တယောက်မှ မတွေ့တော့ဘူး။ စိုးရိမ်ရတဲ့ အနေအထား မရှိတော့ပါဘူး” ဟု ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
မြောက်ဥက္ကလာပ ဝေဘာဂီ အထူးကုဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က “မရှိတော့ပါဘူး မရှိတာတော်တော်ကြာသွားပါပြီ။ ၈လပိုင်းကုန် လူနာတွေ ပေးဆင်းပြီးကတည်းက H1N1 ရောဂါလက္ခဏာ ရှိတဲ့လူနာမျိုး မလာတော့ပါဘူး” ဟု ရှင်းပြသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၂၇ ရက်နေ့ နေ့လယ် ၂ နာရီ အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ လူနာ ၁၁၇၈ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း ၃၉၉ ဦး နှင့် သေဆုံးသူ ၃၈ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။