မျက်ကွယ်၌ ထောင်ဒဏ် ၅နှစ် ချမှတ်ခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ် ရဲ့ ဘန်ကောက်မြို့က နေအိမ်ကို ယနေ့မနက်မှာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သူမထွက်ပြေးခြင်းနှင့် ပတ်သက်သည့် သက်သေအထောက် အထားများ ဝင်ရောက်ရှာဖွေကြောင်း Khaosad သတင်းကဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို သူမအစိုးရ တာဝန်ကို ယူစဉ်က ဆန်စပါးဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ အဂတိ လိုက်စားမှုနှင့် ဆုံးရှုံးမှုများအတွက် တရားစွဲဆိုထားရာ တရားရုံးစီရင်ချက် မည့်နေ့တွင် တရားခွင်သို့ လာရောက်မရှိတော့ ဘဲ၊ နိုင်ငံခြားသို့ ထွက်ပြေးသွားသည့်အတွက် မနေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင် သူမ၏ မျက်ကွယ်၌ ထောင်ဒဏ် ၅နှစ်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။
မနေ့က တရားရုံးစီရင်ချက်တွင် သူမ၏ အစိုးရအနေဖြင့် တရုတ်အစိုးရပိုင် လုပ်ငန်းတချို့သို့ အစိုးရ အချင်းချင်း ဆန် ရောင်းဝယ်ခြင်း(G2G) ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် များက အယုံအကြည်မရှိကြောင်း အဆိုတင် သွင်း မေးခွန်းထုတ်စဉ်ပင် ယင့်လပ်သည် တာဝန်ရှိသူ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဘွန်ဆာင် တာရီယာပီယွန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းကြောင့် ထိုG2G ရောင်း ဝယ်မှုမှ အဂတိလိုက်စားမှုများကို သူမအနေဖြင့် သိပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း ယင့်လပ်သည် စီရင်ချက်မချမှတ်မီကတည်းက ပင်လယ်ကမ်းခြေပိုင်းရှိ Trat ပြည်နယ် ကော့ချန် ခရိုင်မှတဆင့် ရဟတ်ယာဉ်ဖြင့် ကမ္ဘောဒီးယား ဖနွမ်းပင်ကို ပြေးပြီး၊ ထိုမှလေယာဉ်စင်းလုံးငှားကာ စင်ကာပူသို့ သွားရောက်ကြောင်း၊ ထိုသို့ ထွက်ပြေးနိုင် ရန် အဆင့်မြင့်အာဏာပိုင်တချို့က ကူညီခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုမှတဆင့် အာရပ်စော်ဘွားများနိုင်ငံ(UAE) ဒူဘိုင်းမြို့ကို ရောက်ရှိသွားပြီး၊ ယခုအခါ ဗြိတိန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိ အာဏာသိမ်း ထိုင်းအစိုးရ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ဝန်ကြီးချုပ်ဟောင်း ယင့်လပ် ဟာ အာရပ်စော်ဘွားများနိုင်ငံ(UAE) ဒူဘိုင်းမြို့မှာ ရောက်ရှိနေတယ်လို့ မနေ့က သတင်းထောက်တွေ ကို ပြောဆိုလိုက်ပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ရက်နေ့မှာတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ထွက်ခွာသွားပြီလို့ သတင်းတွေကဆိုပါတယ်။