သတင်းတို

ANP မှ ဗဟိုကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ် တဦး နုတ်ထွက်

Want create site? Find Free WordPress Themes and plugins.

ရခိုင် အမျိုးသား ပါတီ(ANP)မှ ဗဟိုကော်မတီဝင်လည်းဖြစ်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးခင်မောင်ဌေး သည် ပါတီဝင် အဖြစ်မှ နုတ်ထွက်ကြောင်း သိရသည်။
အောက်တိုဘာ ၂ ရက်က နုတ်ထွက်စာ တင်ခဲ့သော်လည်း မည်သည့်အတွက်ကြောင့် နုတ်ထွက်သွားသည်ကိုမူ တိတိ ကျကျ မသိရှိရသေးပေ။

ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက“ကျနော်က ပါတီကိုတော့ မပြောချင်ဘူး။ ဘာလို့ ဆို ပါတီက ဒီနေ့ပဲ နုတ်ထွက် လိုက်တယ်လေ။ နုတ်ထွက်ပြီးသား ပါတီကို ကျနော်က ဘာဖြစ်တယ်၊ ညာဖြစ် တယ် ဆိုတာ ပေါ်လစီပိုင်းအရ မပြောချင်တော့ဘူး။ ကိုယ်က နုတ်ထွက်ပြီးခဲ့ပြီလေ”ဟု ဧရာဝတီသို့ ပြော သည်။

ဦးခင်မောင်ဌေး၏ နုတ်ထွက်စာတွင် ပါတီဖွဲ့စည်းပုံ အခန်း(၉) အပိုဒ် (၆၅) အရ ပါတီဝင် အဖြစ်မှ သော်လည်း ကောင်း၊ ဗဟိုကော်မတီဝင် အဖြစ်မှသော် လည်းကောင်း နုတ်ထွက်လိုက်သည်ဟု ဖော်ပြ ထားသည်။

ဦးခင်မောင်ဌေး၏ နုတ်ထွက်စာ တင်ခြင်းနှင့်ပတ်သက်ပြီး အောက်တိုဘာ ၁၃ ရက် သို့မဟုတ် ၁၄ ရက်တွင် ကျင်းပမည့် ANP ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။

“ဗဟိုကော်မတီ တယောက်ဆိုတာ ပါတီရဲ့ မူအရ ညီလာခံက ရွေးချယ်ထားတာပေါ့နော်။ ရွေးချယ်ထားတယ် ဆိုတော့ ဘယ်သူမှလည်း ကျနော်တို့မှာ ထုတ်ပယ်ပိုင်ခွင့်မရှိဘူး။ ထုတ်ပိုင်ခွင့်လည်း မရှိဘူး။ အဲ့ဒီတော့ ညီလာ ခံက ရွေးချယ်ထား တဲ့ ဗဟိုကော်မတီဝင် တယောက်ဖြစ်တော့ ဗဟိုကော်မတီ အစည်းအဝေးကပဲ ဖြုတ်ချပိုင် ခွင့် ရှိပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။

ဦးခင်မောင်ဌေးသည် ANP ပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်း မြို့နယ် အမှတ် ၂ မဲဆန္ဒ နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခဲ့ရာမှာ အနိုင်ရရှိခဲ့သူ ဖြစ် သည်။

လက်ရှိတွင် ANP ပါတီမှ ဦးခင်မောင်ဌေး နုတ်ထွက်မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင် စတုတ္ထအပတ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေလည်း နုတ်ထွက်စာ တင်၍ နုတ်ထွက်ခဲ့သေးသည်။

ထို့အပြင် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၄ ရက်က ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌအဖြစ် ဦးမြသန်း ဝင်ရောက် အရွေးချယ်ခံခဲ့ ခြင်းနှင့် ပတ်သက်ပြီး ANP က ပါတီကို အသိမပေးခြင်းကြောင့် ထုတ်ပယ်ခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading