ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တရားရုံးတွင် ခိုးမှုဖြင့် တရားရုံးထုတ် စစ်ဆေးခံနေရမည့် အသက် ၁၉ နှစ်အရွယ် အချုပ် တရားခံ ဇော်ဇော်အောင်သည် တရားရုံးသို့ လာစဉ် လမ်းတွင် ထွက်ပြေးသွားရာမှ ညတွင်းချင်း ပြန်လည် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံက သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်က ရာဇသတ်ကြီး ပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့် တရားစွဲဆိုထားသည့် တရားခံ ဇော်ဇော်အောင်ကို အခြား တရားခံများနှင့် အတူ မြို့နယ်တရားရုံးသို့ ရုံးထုတ်စဉ် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ အဆိုပါ တရားခံမှာ ယခင်က အလုပ် လုပ်ကိုင်ခဲ့သည့် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံတန်းရှိ စားသောက်ဆိုင်တွင် အလုပ်ပြန်လည် လုပ်ကိုင်နေကြောင်း ရဲတပ်ဖွဲ့က သတင်းရပြီးနောက် ယမန်နေ့ည ၈ နာရီတွင် ပြန်လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
တရားရုံးထုတ်စဉ် ထွက်ပြေးခဲ့သည့် တရားခံ ဇော်ဇော်အောင်ကို မူလ တရားစွဲဆိုထားသည့် ပုဒ်မ ၃၈၀ (ခိုးမှု) အပြင် ရာဇသတ်ကြီး ပုဒ်မ ၂၂၄ ဖြင့်လည်း အရေးယူထားကြောင်း၊ တရားခံလွတ်မြောက်နိုင်အောင် တာဝန်ပေါ့လျော့စွာ ဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။