မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ပဋိပက္ခဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ရသေ့တောင်မြို့နယ်များ ကို သွားရောက် ကာ ဒေသခံမျိုးစုံနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံတကာ သံတမန်များ က မနေ့(အောက်တိုဘာ ၂ရက်)က ကြေညာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါဒေသသို့ သွားရောက်ခဲ့သည့် သံတမန်များမှာ သြစတြေးလျ၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ဆာဗီးယား၊ ဆွစ်ဇာလန်၊ တူရကီ၊ အမေရိ ကန်၊ အီးယူ၊ ဂျာမနီ၊ စပိန်၊ UK ၊ ဖင်လန်နှင့် ဆွီဒင် ရုံးအကြီးအကဲတို့ ဖြစ်ပါတယ်။
သူတို့ရဲ့ကြေညာချက်မှာတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ရခိုင်ဒေသသို့ သွား ရောက်ခွင့်ပြုဖို့ တိုက်တွန်းထားပါတယ်။
ဒါအပြင် ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချပြီး၊ လူအများနေရပ် စွန့်ခွာမှုကိုလည်း အလွန်အမင်းစိုးရိမ်ကြောင်း ဆိုထားပြီး ယခုခရီးစဉ်မှာ စုံစမ်းစစ်ဆေးရေး ခရီးစဉ်မဟုတ်သလို၊ စုံစမ်းစစ်ဆေးရန်လည်း အခြေအနေမပေးကြောင်းပါရှိပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းရန် ကျွမ်းကျင်ပညာရှင် များက ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ရာတွင် ဖြောင့် မှန် စွာ ဆောင်ရွက်မည်ဆိုသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကတိကဝတ်ကို ကြိုဆိုကြောင်း၊ အပြည့် အ၀ စုံစမ်းစစ်ဆေးရန်လည်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် လူအားလုံးကို ခွဲခြားခြင်းမရှိဘဲ ကာကွယ်ရန် မီးရှို့ဖျက်ဆီးမှုများကိုလည်း တားဆီးရန် ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသော သိန်းချီသည့် ဒုက္ခသည်များ မိမိနေရပ်သို့ မိမိဆန္ဒ အလျှောက် စိတ်ချလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ရန်လည်း တိုက်တွန်းပါတယ်။
လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာအကူအညီများ အလွန်အမင်း လိုအပ်နေသည့် အတွက် အကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေး၊ ရခိုင်ပြည်နယ်တစ်ဝန်း အသက်ကယ် ဝန်ဆောင် မှုများခွဲခြားမှုမရှိ ပြန်လည်စတင်နိုင်ရေးကိုလည်း တောင်းဆိုပြီး၊ သံတမန်များ တွေ့ဆုံမေးမြန်းခဲ့သည့် ဒေသခံများကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ မတရားဖမ်း ဆီးမှု၊ ကလဲ့စားချေမှုများ မဖြစ်စေရန် အကာကွယ်ပေးရန်လည်း ပြောကြားပါတယ်။
မီဒီယာများအား သွားရောက်ခွင့်ပြုခဲ့ခြင်း အပေါ် ကြိုဆိုပြီး သတင်းထောက်များအား ရခိုင်ပြည်နယ်၏ မည်သည့်နေရာ ဒေသမဆို အတားအဆီးမရှိ သွားရောက်ခွင့်ကိုလည်း ထပ်မံတောင်းထားပါတယ်။
ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အကြံပေးချက် အစီရင်ခံစာကိုလည်း အပြည့်အ၀ အကောင် အထည်ဖော်ရေးကိုလည်း ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ မိတ်ဖက်ကောင်းအနေဖြင့် ရခိုင်အရေး ကိစ္စတွင် အလားအလာကောင်းစေရေးအတွက် အတူလက်တွဲ လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း လည်း ဆိုပါတယ်။