သတင်းတို

အမြန်လမ်းတလျှောက် ထိုင်ခုံ ခါးပတ်မပတ်သည့် ယာဉ် အစီးရေ ၇၈၀ ကျော်ကို အရေးယူ

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်၌ ထိုင်ခုံ ခါးပတ်မပတ်ဘဲ မောင်းနှင်သည့် ယာဉ်အစီးရေ ၇၈၀ ကျော်ကို အမှုဖွင့် အရေးယူခဲ့ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၁၇ ခုနှစ် ဇွန် ၁ ရက်မှစတင်ကာ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဖြတ်သန်း မောင်းနှင်သည့် မော်တော်ယာဉ်များ အားလုံး ထိုင်ခုံ ခါးပတ်၊ မပတ်ကို စစ်ဆေးကာ ဖမ်းဆီး အမှု ဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

“စက်တင်ဘာလက ၇၈၃ စီး ဖမ်းမိတယ်။ အများစုက အိမ်စီးကားတွေ ပါတယ်” ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စိုးဝင်းက ပြောသည်။

အမြန်လမ်းပေါ်တွင် ထိုင်ခုံ ခါးပတ် မပတ်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးသည့် နေရာများမှာ အမြန်လမ်း တိုးဂိတ်များဖြစ်ပြီး၊ ရန်ကုန်တွင် အမှတ် ၃ လမ်းဆုံ တိုးဂိတ်၊ ဖြူး တိုးဂိတ်၊ နေပြည်တော် တိုးဂိတ်၊ မိတ္ထီလာမြို့ရှိ သီးကုန်း တိုးဂိတ်၊ မန္တလေးမြို့ တံတားဦး မြို့နယ်မှ စကားအင်း တိုးဂိတ် စသည့် နေရာ ငါးခုတို့တွင် ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီး အရေးယူခံရသည့် မော်တော်ယာဉ်များအား သက်ဆိုင်ရာ မြို့နယ် တရားရုံးများတွင် ဒဏ်ငွေ ကျပ် ၃၀၀၀၀ ပေးဆောင်စေပြီး၊ အမှုဖွင့်ခံရသည့် ယာဉ်မောင်းများမှ ဒဏ်ကြေးငွေကို သက်ဆိုင်ရာ ရဲစခန်းတွင် ပေးဆောင်ရခြင်းဖြစ်သည်။

အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးအရေးယူမှုများ မစတင်မီ ဇွန်လ မတိုင်ခင်တည်းက အမြန်လမ်းမကြီး တလျှောက် ယာဉ်မောင်းလျှင် ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်များပါ ခါးပတ်ပတ်ရန် ကမ်ပိန်း ပြုလုပ်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ စကာ အမြန်လမ်းပေါ် ဖြတ်သန်းသည့် ယာဉ်များ ထိုင်ခုံ ခါးပတ် မပတ်ပါက ဖမ်းဆီး အရေးယူမည်ဟု ကြေညာခဲ့သည်။

၂၀၁၇ ဇန်နဝါရီလ မှ စက်တင်ဘာလ အထိ ၉ လအတွင်း ယာဉ်တိုက်မှုပေါင်း ၄၀၀ ဖြစ်ပွားခဲ့ကာ ဒဏ်ရာ ရရှိသူ ၆၀၈ ဦး၊ သေဆုံးသူ ၈၄ ဦးရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ရုံး စာရင်းများအရ သိရှိရသည်။

Loading