၂၀၁၇ ခုနှစ် အတွက် ဓာတုဗေဒနိုဗဲလ်ဆုကို ဇီဝမော်လီကျူး ပုံရိပ်ဖမ်းယူမှုဆိုင်ရာတွင် ပိုမို ဖွံ့ဖြိုးစေသည့် cryo-electron microscopy ဟု အမည်ပေးထားသော နည်းပညာဆိုင်ရာ အသစ် ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင် သုံးဦးအဖွဲ့အား တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီ က ပေးအပ်လိုက်ကြောင်း ကြေညာသည်။
ယင်း သိပ္ပံပညာရှင် ၃ ဦးမှာ ဆွစ်ဇာလန်နိုင်ငံ လော်ဆိန်း တက္ကသိုလ်မှ Jacques Dubochet ၊ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှ Joachim Frank နှင့် ဗြိတိန်နိုင်ငံ ကင်းဘရစ်တက္ကသိုလ် မော်လီကျူလာ ဇီဝဗေဒဌာန၏ MRC ဓာတ်ခွဲခန်းမှ ရစ်ချက်ဟန်ဒါဆင်တို့ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုတွေ့ရှိသော သိပ္ပံနည်းပညာသစ်သည် ဇီဝဓာတုဘာသာရပ်ကို ခေတ်သစ်တခုရောက်အောင် တွန်းပို့ လိုက်ခြင်း ဖြစ်ကြောင်း၊ ဇီဝမော်လီကျူးများကို အေးခဲစေနိုင်သည့် နည်းပညာအသစ်တရပ်ကို ရှင်းလင်းထားခြင်း ဖြစ်ပြီး သိပ္ပံဆိုင်ရာ ရှာဖွေ တွေ့ရှိချက် မှတ်တိုင်တခု ဖြစ်သည်ဟုလည်း သိရသည်။
ယမန်နှစ်က ဓာတုဗေဒဆိုင်ရာ နိုဗဲလ်ဆုကို ဂျင်းန်ပီရေးဆော့ဗေ့ချ် (Jean-Pierre Sauvage) ၊ ဖရေဆာစတော့ဒတ် (Fraser Stoddart) နှင့် ဘင်ဖီရင်ဂါ (Ben Feringa) တို့ ပူးတွဲ ရရှိခဲ့သည်။