ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာဆိုသူ မွတ်ဆလင် ၁၀၀ခန့် တင်ဆောင်လာသည့် လှေတစီး နတ်မြစ်အတွင်း နစ်မြုပ်သွားသဖြင့် အနည်းဆုံး ၁၂ ဦးသေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်နှင့် နယ်ခြားစောင့် တပ်အာဏာပိုင်တို့က ပြောသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် နစ်မြုပ်မှုတွင် လှေပေါ်တွင် လူ ၁၀၀ခန်ကို အဆမတန်တင်ဆောင် ထားကြောင်း၊ သေဆုံးသူအများစုမှာ ကလေးများဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့ကဆိုသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)အာဏာပိုင်တို့ ပြောကြားချက်အရ ညလုံးပေါက် ကယ်ဆယ်ရေးများ ပြုလုပ်နေပြီး အလောင်း ၁၂လောင်းကို ဆယ်ယူရရှိကြောင်း၊ ၁၀လောင်းမှာ ကလေးများဖြစ်ကြောင်း ဆိုပါတယ်။
ARSA အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်ဘက်ခြမ်းတွင် ကျန်ခဲ့သည့် မွတ်ဆလင်များ ထွက်ခွာလာရန် ခြိမ်းခြောက်ခြင်း၊ စည်းရုံးခြင်းများ ရှိနေပြီး၊ ထိုသို့ အစုလိုက်အပြုံလိုက် ထွက်ခွာလာခြင်းကြောင့် လူကုန်ကူးမှု များ၊ မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြစ်ပေါ်လာမည်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)က စိုးရိမ်နေသည့်အတွက် ရိုက်နှက်၊ ဖမ်းဆီးမှုများ တားဆီးမှုများ ပြုလုပ်နေကြောင်း မကြာသေးမီရက်ပိုင်းက Reuters သတင်းတွင် ဖော်ပြထားသည်။