လွတ်လပ်ရေး ကြေညာခြင်း ရှိမရှိ အတည်ပြု ပြောကြားရန် စပိန်ဝန်ကြီးချုပ် မာရီရာနိုရာဂျွိုင်းက ကက်တလိုနီးယား ခွဲထွက်ရေး ခေါင်းဆောင် ကားလ် ပွိုက်ဒီမွန့်အား အင်္ဂါနေ့တွင်မေးမြန်းလိုက်သည်။
ခွဲထွက်ရေး ခေါင်းဆောင် ပွိုင်ဒီမွန့်က ကက်တလိုနီးယားသည် လွတ်လပ်ရေးကြေညာစာတမ်းကို လက်မှတ် ရေးထိုး သော်လည်း စပိန်အစိုးရနှင့် ထပ်မံဆွေးနွေးရန် ဆိုင်းငံ့ထားမည် ဟု မကြာသေးမီက ကြေညာသည်။
ကက်တလိုနီးယားက စပိန်လက်အောက်မှ ခွဲထက်ရန် ဆန္ဒခံယူပွဲကို အောက်တိုဘာ ၁ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းက ထောက်ခံသော်လည်း မဲပေးခွင့် ရှိသူများ၏ ၄၃ ရာခိုင်နှုန်းသာ လာရောက်မဲပေးခဲ့ခြင်း ဖြစ်သည်။
စပိန် ဝန်ကြီးချုပ်က ထိုသို့ မေးမြန်ခြင်းမှာ ကက်တလိုနီးယား၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဆိုင်းငံ့ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၅ ကို စတင်အသက်သွင်းခြင်း ဖြစ်သည် ဟု လေ့လာသူများက ပြောသည်။
ခွဲထွက်ရေး ခေါင်းဆောင် ပွိုက်ဒီမွန့်သည် တမင်ရည်ရွယ်ချက်ဖြင့် အခြေအနေ ရှုပ်ထွေးအောင်လုပ်နေသည် ဟုလည်း သူက စွပ်စွဲပြီး အခြေအနေ ပြန်လည် တည်ငြိမ်အောင် လုပ်လိုသည် ဟုု စပိန်ဝန်ကြီးချုပ်က ပြောသည်။
“ကက်တလိုနီးယားမှာ ဖြစ်နေတာတွေကို အဆုံးသတ်ပြီး လုံခြုံတည်ငြိမ်မှု ချက်ချင်း ပြန်ရအောင် လုပ်ရမယ်” ဟု ဝန်ကြီးချုပ် မာရီရာနိုရာဂျွိုင်းက အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေး အပြီးတွင် ပြောသည်။
စပိန်လွှတ်တော်သည် ပုဒ်မ ၁၅၅ ကို ကျင့်သုံးရန် အသင့်ဖြစ်နေသော်လည်း ဥပဒေကြောင်း အရ ထိုသို့လုပ်ရန် အတွက် ကက်တလိုနီးယား ခေါင်းဆောင်၏ လွတ်လပ်ရေး ကြေညာခြင်း ရှိ/မရှိ ဆိုသည့် တုံ့ပြန်မှု ရရန်လိုသည်။ ။