ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် မြန်မာနိုင်ငံမှ ထိပ်တန်းဗုဒ္ဓဘာသာ သံဃာတော်များ အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများ၊ အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် လာမည့် နိုဝင်ဘာလ မြန်မာနိုင်ငံခရီးစဉ် အတွင်း တွေ့ဆုံမည် ဖြစ်သည်။
ဗာတီကန်မှ ထုတ်ပြန်သည့် ခရီးစဉ် အစီအစဉ်မှာ နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး သည် မြန်မာဗုဒ္ဓဘာသာ လူများစုနှင့် မွတ်စလင်လွှမ်းမိုးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူထုနှစ်ရပ်ကို တွေ့ဆုံ စကားပြောဆိုမည် ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး တပါးအနေဖြင့် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုတိယ အကြိမ်မြောက် လာရောက်ခြင်း ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည် လေကြောင်း ခရီးဖြင့် မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော် ရန်ကုန်သို့ နိုဝင်ဘာလ ၂၇ ရက်တွင် ရောက်ရှိမည်ဖြစ်ကာ တရက်တာ အနားယူပြီး နောက်တနေ့တွင် နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။
နေပြည်တော်တွင် သမ္မတကြီး ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြား တွေ့ဆုံမည် ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးက နိုင်ငံရေးသမားများနှင့် သံတမန်များကို တွေ့ဆုံမည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲသို့ စစ်ခေါင်းဆောင်များ သီးခြား တွေ့ဆုံရန် မျှော်လင့်ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၉ ရက်တွင် ပုပ်ရဟန်းမင်းကြီးသည် သံဃမဟာနာယကနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ ၅ ဒသမ ၄ သန်းရှိရာ ရိုမန်ကက်သလစ် ဘာသာဝင်ပေါင်း ၇ သိန်း ဝန်းကျင်ရှိကြောင်း သိရသည်။