တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ် ကျွန်းများအနီးကို ကပ်လာတဲ့ အမေရိကန်စစ်သင်္ဘော USS Chafee ကို သတိပေးတဲ့အနေနဲ့ တရုတ်ရေတပ်က ပဲထိန်းဒုံးပျံတပ် ဖရီဂိတ်စစ်သင်္ဘော တစီးနဲ့ တိုက်လေယာဉ် ၂စီး၊ ရဟတ်ယာဉ် ၁စီးကို စေလွှတ်လိုက်ကြောင်း သိရသည်။
အမေရိကန်စစ်သင်္ဘော USS Chafee ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အငြင်းပွားနေတဲ့ ပါရာဆယ်ကျွန်း များအနီး ရေမိုင် ၁၆မိုင်အတွင်းကနေ ခုတ်မောင်းသွားတာကြောင့် တရုတ်ရေတပ်သင်္ဘောတွေ စေလွှတ်ကာ သတိပေးမှုပြုလုပ်သလို တရုတ်အစိုးရကလည်း ရှုတ်ချမှုပြုလုပ်ခဲ့ပါတယ်။
တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ အမေရိကန်စစ်တပ်တွေဟာ အကြိမ်ကြိမ်ကျူးကျော်နေကြောင်း၊ အချုပ်အခြာအာဏာနဲ့ လုံခြုံရေး အတွက် ဆက်လက် ကာကွယ်သွားမယ်၊ ဒီအဖြစ်အပျက်က နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ ရေးသားထားကြောင်း South China Morning Post သတင်းကဆိုပါတယ်။
အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်အနေနဲ့ တရုတ်ရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို လေးစားဖို့ ဆိုပါတယ်။
အဆိုပါဒေသသို့ စေလွှတ်လိုက်တဲ့ တရုတ်စစ်သင်္ဘောကတော့ Type-054A အမျိုးအစား ဖရီဂိတ် စစ်သင်္ဘော Hungshan နဲ့ J-11 B အမျိုးအစား တိုက်လေယာဉ် ၂စီးနဲ့ Z-8 အမျိုးအစား ရဟတ်ယာဉ်တို့ဖြစ်ပါတယ်။