သတင်းတို

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ယနေ့ည ထုတ်လွှင့်မည်

လက်ရှိ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့်ပတ်သက်၍ ပြည်သူလူထုသို့ တင်ပြသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားထားသည့် မိန့်ခွန်းတခုကို ယနေ့ ည ၈ နာရီ သတင်းတွင် ထည့်သွင်း ဖော်ပြ မည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“တိုက်ရိုက်လွှင့်မှာ မဟုတ်ဘူး။ ဒီည ၈ နာရီ သတင်းမှာ လွှင့်မှာ။ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တင်ပြချက်ပေါ့။ မိန့်ခွန်းက မြန်မာလိုပြောမှာပါ။ အင်္ဂလိပ်လိုလည်း စာတန်းထိုးပေးပါမယ်။”ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်အရေး အပါအဝင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ နိုင်ငံတော် အခြေပြ မိန့်ခွန်းတရပ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်၊ MICC – 2 ခန်းမ၌ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိတ်ခေါ်၍ မိန့်ခွန်း ပြောကြားခဲ့သေးသည်။

လက်ရှိ ရခိုင်ပြည်နယ် အရေးကိစ္စများကြောင့် ဥရောပ သမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၆ ရက်တွင် ဆွေးနွေးကြမည်ဖြစ်ပြီး ထုတ်ပြန်မည့် ကြေညာချက်တွင် မြန်မာ့တပ်မတော် ခေါင်းဆောင်များနှင့် အခြား တပ်မတော် အရာရှိကြီးများအား ဖိတ်ခေါ်ခြင်းအား ရွှေ့ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း ရိုက်တာ သတင်းတပုဒ်က ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနောက်တွင် တပ်မတော်ကလည်း ကူညီဆောင်ရွက်မှုများ ပေးနေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က အမေရိကန် သံအမတ်ကြီး Mr. Scot Alan Marciel နှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

Loading