ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) အနေဖြင့် အစ္စရေးဆန့်ကျင်ရေး လုပ်ဆောင်မှုနှင့် ဘက်လိုက်မှုများကြောင့် အမေရိကန်ပြည်ထောင်စုက ထိုအဖွဲ့မှ နှုတ်ထွက်လိုက်သလို နာရီပိုင်းအတွင် အစ္စရေးကလည်း အလားတူ လုပ်ဆောင်လိုက်သည်။
အမေရိကန်အနေဖြင့် ယူနက်စကိုမှ နှုတ်ထွက်ကာ အမြဲတမ်းလေ့လာသူ အဆင့်ဖြင့်သာနေရန် နိုင်ငံ ခြားရေးဝန်ကြီးဌာနက မနေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယူနက်စကိုအနေဖြင့် အခြေခံကျကျ ပြုပြင် ပြောင်းလဲမှုများ လုပ်ရန်လိုကြောင်းလည်း ဆိုလိုက်သည်။
“ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး၊ အမေရိကန်အနေနဲ့ UNESCO ပေးဖို့ အကြွေးကျန်တွေ များလာတာရယ်၊ အဲ့ဒီအဖွဲ့ရဲ့ အစ္စရေးဆန့်ကျင်ရေး လုပ်ဆောင်ချက်တွေကြောင့် ဖြစ်တယ်လို့လည်း” အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီကလည်း ယူနက်စကို၏ အလွန်အကြူး နိုင်ငံ ရေးဆန်သည် လုပ်ရပ်များဟာ ထာဝရ အရှက်ရစရာဖြစ်နေကြောင်း ပြောသည်။
ယခုဆုံးဖြတ်ချက်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ မှာ စတင်အသက်ဝင်မှာ ဖြစ်ကြောင်း သိရသည်။
အမေရိကန်သည် ၎င်း၏ ထင်မြင်ယူဆချက်နှင့် ကျွမ်းကျင်မှုများဖြင့် ဆက်လက်၍ သတင်းလွတ်လပ် ခွင့်နှင့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးအတွက် ဆက်လက်အကျိုးဆောင်ရန် အဖွဲ့ဝင် မဟုတ်သော လေ့လာသူအဖြစ် ဆက်လက်ရှိရန် မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနက ဆိုသည်။
အမေရိကန်နိုင်ငံဟာ ယူနက်စကိုကို ဒုတိယကမ္ဘာစစ်အပြီးမှာ ပညာရေးနှင့် အတွေးအခေါ် လွတ်လပ် စွာ စီးဆင်းခွင့်အတွက် ကူညီတည်ထောင်ခဲ့ခြင်းဖြစ်သည်။
ယခုလုပ်ရပ်အား ထရမ့်အစိုးရ၏ ကုလသမဂ္ဂ နှင့်လမ်းခွဲရန်ခြေလှမ်းတရပ် အဖြစ် လေ့လာသူများက ရှု့မြင်သည်။
အမေရိကန်သည် ယူနက်စကိုအား ပေးအပ်နေသည့် ရံပုံငွေ ထည့်ဝင်ခြင်းကို ၂၀၁၁ ခုနှစ် ပါလက်စ တိုင်းအား အဖွဲ့ဝင်အဖြစ် လက်ခံရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်မှာ ရပ်ဆိုင်းခဲ့ရာ လတ်တလော အမေရိ ကန်မှ ယူနက်စကိုသို့ ပေးရမည့် ကြွေးကျန်မှာ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ရှိသည်။
ယူနက်စကို၏ ပြင်ပဆက်ဆံရေး အထွေထွေညွှန်ကြားရေးမှူး အီရီနာ ဘိုကိုဗာက အမေရိကန်ပြည် ထောင်စုနှုတ်ထွက်ခြင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့ မိသားစုနိုင်ငံများအတွက်သာမက နှစ်ဦးနှစ်ဘက်ဆုံး ရှုံးမှုပင်ဖြစ်ကြောင်း ပြောသည်။