ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြောလိုက်ရာ ဤသို့ပြောဆိုချက်မှာ ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီးနောက် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အတိကျဆုံးအချိန်ကို ထုတ်ဖော်ပြောလိုက်ခြင်းဖြစ်သည်။
နေ့ရက်အတိအကျကို ၂၀၁၈ ခုနှစ်ဇွန်လတွင် ထုတ်ပြန်ကြေညာမည်ဟုလည်း စစ်အစိုးရ အကြီးအကဲဖြစ်သည့် ပရာယွဒ်က ပြောသည်။
ထိုင်းစစ်အစိုးရသည် ရွေးကောက်ပွဲကျင်းပမည့်အချိန်နှင့် ပတ်သက်ပြီး ယခင်ကလည်း ၂ ကြိမ် ကြေညာခဲ့ဖူးသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြောင်းအလဲနှင့် လုံခြုံရေးအခြေအနေများကို အကြောင်းပြပြီး ရွှေ့ဆိုင်းခဲ့သည်။
“အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်စွဲအတိအကျကို ဇွန်လလောက်ကျရင် ထုတ်ပြန်ကြေညာပါမယ်၊ နိုဝင်ဘာလမှာ တော့ ရွေးကောက်ပွဲ ကျင်းပမယ်” ဟု ဝန်ကြီးချုပ် ပရာယွဒ် က သတင်းထောက်များကို အင်္ဂါနေ့က အစိုးရအိမ်တော်တွင် ပြောသည်။
ယခင် စစ်တပ်အကြီးအကဲဖြစ်သူ ပရာယွဒ်သည် ၂၀၁၄ ခုနှစ်မေလက အနောက်နိုင်ငံများက အကြီးအကျယ် ဝေဖန်ခဲ့ သော စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုဆယ်စုနှစ်တခုကို အဆုံးသတ်ရန်နှင့် အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရန် လိုသည်ဟု ပြောခဲ့သည်။
ဧပြီလတွင် ထိုင်းဘုရင် မဟာ ဝိဇယလောင်ကွန်သည် စစ်တပ် ကျောထောက်နောက်ခံပြုသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထိန်း သိမ်းရေးလုပ်ငန်းစဉ်ကို လမ်းဖွင့်ပေးလိမ့်မည်ဟု စစ်တပ်က ကတိပေးထားသည်။
ထိုဖွဲ့စည်းပုံအခြေခံဥပဒေ အချိုးကျ ကိုယ်စားပြုမဲပေးစနစ်ကို ကျင့်သုံးသောကြောင့် အဓိကကျသော နိုင်ငံရေးပါတီကြီးများ ၏သြဇာကို လျှော့ချနိုင်မည်ဟု မျှော်လင့်ရသော်လည်း ဝေဖန်သူများကမူ ထိုစနစ်၏ရည်ရွယ်ချက်မှာ စစ်တပ်၏အခန်းက ဏ္ဍကို တိုးချဲ့ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
နတ်ရွာစံခဲ့ပြီဖြစ်သည့် ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျာ ဒက်ဂျ်အား တနှစ်တာ လွမ်းဆွတ်တသ သည့် ကာလကုန်ဆုံးပြီး နောက် မကြာမီရက်ပိုင်း ကျင်းပမည့် ဘုရင့်၏ ဈာပန အခမ်းအနားပြီးလျှင် နိုင်ငံရေးလှုပ်ရှားမှုများ ပြန်လည်စတင်နိုင်မည် ဟု လေ့လာသူများက ယူဆသည်။
“ပရာယွဒ်က ရွေးကောက်ပွဲကို ဆက်ပြီး ရွှေ့ဆိုင်းချင်ပေမယ့် ဘုရင်ကြီးကို မီးသဂြိုဟ်ပြီးရင် ရွေးကောက်ပွဲအတွက် ဖိ အားတွေ ရှိလာလိမ့်မယ်ဆိုတာ သူသိနေတယ်” Siam Intelligence Unit အမည်ရှိ ထိုင်းသုတေသနအဖွဲ့မှ ကန်ယွန် ယောင်က ပြောသည်။
“နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်ပမယ်ဆိုတဲ့ကြေညာချက်ကြောင့် ဒီဖိအားတွေကို လျှော့ချနိုင်မယ်။ ရွေးကောက်ပွဲမ ကျင်းပရင် ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတော့မယ်” ဟု သူက Reuters သတင်းဌာနသို့ ပြောသည်။
ထိုသတင်းထွက်ပေါ်လာပြီးနောက် အင်္ဂါနေ့က ဝ.၃ ကျဆင်းခဲ့သော ထိုင်းစတော့အိပ်ချိန်း ၏အညွှန်း ကိန်းသည် ဝ.၇ ရာ ခိုင်နှုန်းတက်လာခဲ့သည်။
အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများ ပိတ်ပင်ခြင်းရုပ်သိမ်းရန် ဖိအားပေး မှုများကို ထိုင်းအစိုးရ ရင်ဆိုင်နေရသည်။
ထိုပိတ်ပင်ခြင်းကို သင့်တော်သောအချိန်တွင် ရုပ်သိမ်းပေးမည်ဟု ပရာယွဒ်က သတင်းထောက်များကို ပြောသော်လည်း အချိန်အတိအကျ ပြောကြားခြင်း မရှိသေးပေ။
ထိုင်းစစ်အစိုးရသည် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လတ်ထံမှ အာဏာသိမ်းယူခဲ့ပြီး နောက် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပေးခဲ့သည်။
သက်ဆင်၏အစိုးရများ သို့မဟုတ် သူ့ကို ကျောထောက်နောက်ခံပြုသူများသည် ၎င်းတို့ကိုထောက်ခံ သော ကျေးလက်ဒေ သမှ မဲ အများအပြား ရရှိသောကြောင့် ၂၀၀၁ ခုနှစ်မှ စတင်ပြီး ရွေးကောက်ပွဲ တိုင်းတွင် အနိုင်ရသည်။
သို့သော် ၎င်းတို့စစ်တပ် ကျောထောက်နောက်ခံပြု အသိုင်းအဝန်းနှင့် မသင့်မြတ်ဘဲ ထိုသူများက ၎င်းတို့ကို အဂတိလိုက် စားသည်ဟု စွပ်စွဲသည်။
သက်ဆင်ကို ၂၀၀၆ ခုနှစ်တွင် ဖြုတ်ချခံခဲ့ရပြီး ပြည်ပတွင် တိမ်းရှောင်နေသည်။ ယင်လတ်သည်လည်း သူအား စွပ်စွဲ ထားသည့် ဆန်စပါး ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ အဂတိလိုက်စားမှုနှင့် ဆုံးရှုံးမှုများအတွက် စီရင်ချက်မချမီ လွန်ခဲ့သော သြဂုတ်လက ပြည်ပတွင် သွားရောက် တိမ်းရှောင်နေရသည်။
အချို့သောနိုင်ငံရေးသမားများက ရွေးကောက်ပွဲ ကျင်းပမည့်ရက်စွဲကို အယုံအကြည် မရှိကြသေးပေ။
“ယုံကြည်ဖွယ်မရှိပါဘူး။ သူတို့က ရွေးကောက်ပွဲရက်ကို ခဏခဏ ပြောင်းနေတာ” ဟု သက်ဆင်၏ ဖုယာ့ထိုင်းပါတီမှချက် တူရွန် ချိုင်ဆန်က ပြောသည်။
ဖုယာ့ထိုင်းပါတီ၏ အဓိကပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ဒုတိယခေါင်းဆောင် အွန်အတ် ကလိုင် ပိုင်ဘွန်းကမူ ထိုသတင်း ကို ကြိုဆိုသည်။
“ရွေးကောက်ပွဲရက်စွဲက ရှင်းလင်းတယ်။ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကောင်းလာမယ့်သဘောပဲ” ဟု သူက ပြောသည်။