ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုဖြစ်နေချိန် အမေရိကန်ရေတပ်မှ တိုမာဟော့ခ် ခရုဇ် ဒုံးပျံများ တပ် ဆင်ထားတဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော USS Michigan ဟာ တောင်ကိုရီးယား နိုင်ငံ ဘူဆန် ဆိပ် ကမ်း ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
မိုင် ၁၄၀၀ ကျော် အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ တိုမာဟော့ခ် ခရုဇ် ဒုံးပျံ ၁၅၄စင်း တပ်ဆင်ထား တဲ့ တန်ချိန် ၁သောင်း ၈ထောင်ရှိ မစ်ချီဂန် နျူကလီးယား ရေငုပ်သင်္ဘော ဘူဆန်ဆိပ်ကမ်းကို ဆိုက် ရောက်လာကြောင်း တောင်ကိုရီးယား ရေတပ်ရဲ့ တရားဝင် Facebook မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား နိုင်ငံနဲ့ အနီးဆုံးမှာ တိုမာဟော့ခ် ဒုံးပျံတွေ တပ်ဆင်ထားတဲ့ မစ်ချီဂန် ရေငုပ် သင်္ဘော ကိုရောက်ရှိနေခြင်းဟာ မြောက်ကိုရီးယားကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။
အိုဟိုင်အို အတန်းအစား နျူကလီးယား စွမ်းအင်သုံး USS Michigan ဟာ တိုမာဟော့ခ် ဒုံးပျံများသာ မက နျူကလီးယား ထိပ်ဖူးတပ် ထရိုင်ဒင့် ၁ နှင့် ထရိုင်ဒင့် ၂ အမျိုးအစား ဒုံးပျံ ၂၄စင်းကိုပါ တပ်ဆင် ထားပါတယ်။
အလားတူ လေယာဉ်တင်သင်္ဘော USS Ronald Reagan ဦးဆောင်တဲ့ ရေတပ်အုပ်စုဟာလည်း နောက်တပတ်မှာ တောင်ကိုရီးယားကို ရောက်ရှိဖို့ ရှိတယ်လို့ ချိုဆန်အီလ်ဘို သတင်းစာက ဆိုပါတယ်။
မကြာသေးမီရက်ပိုင်းကလည်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်လေတပ်တို့ ပူးပေါင်းပြီး ဒုံးကျည် အစစ်များကိုု အသုံးပြုကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရာမှာ အမေရိကန်လေတပ်က မဟာဗျူဟာ ဗုံးကြဲ လေယာဉ် B 1 များကို ထည့်သွင်းအသုံးပြုခဲ့ပါသေးတယ်။
ကိုရီးယား ကျွန်းဆွယ် တင်းမာမှုဟာ သမ္မတဒေါ်နယ်ထရမ် တာဝန်ယူပြီးနောက်ပိုင်းမှာ ပိတ်ဆို့အရေး မှုအသစ်များ ချမှတ်ရုံသာမက ပထမအကြိမ် လေယာဉ်တင်သင်္ဘော အုပ်စုများကို စေလွှတ်ကာ မြောက်ကိုရီးယားကို အင်အားပြ ခြိမ်းခြောက်မှုတွေ ပြုပေမယ့်လည်း မြောက်ကိုရီးယားက အမေရိကန် စစ်စခန်း ဂူအမ်ကျွန်းကို တိုက်ခိုက်မယ်လို့ ပြန်လည် တုံ့ပြန်သလို၊ စက်တင်ဘာလဆန်းပိုင်းမှာ နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့မှာ ဂျပန်နိုင်ငံပေါ်ကို ကျော်ကာ ဒုံးပျံပစ်လွှတ်တုံ့ပြန်ခဲ့ပါတယ်။
ယခုတဖန် ဒုတိယအကြိမ် အမေရိကန် ရေတပ်အုပ်စုတွေ ထပ်မံစေလွှတ်နေခြင်းဖြစ်ပါတယ်။