ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တိုက်ခတ်တဲ့ အပူပိုင်းမုန်တိုင်းကြောင့် မိုးကြီးပြီး မြေပြိုမှုများ ဖြစ်ပေါ်လာရာ သေဆုံးသူ အရေ အတွက်ဟာ ၆၈ ဦးအထိ ပိုမိုမြင့်တက်လာပြီး ၃၄ဦး ပျောက်ဆုံး လျှက် ရှိတယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။
ဗီယက်နမ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ ကြေညာချက်မှာ့ ၃၂ဦး ဒဏ်ရာရရှိကာ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတချို့ ပျက်စီးခဲ့ရပြီး နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသမှာဆိုရင် မွေးမြူရေး လုပ်ငန်းတွေ ထိခိုက်ကာ တရိစ္ဆာန်အကောင်ရေ ၂သိန်း ၃သောင်း သေဆုံးတယ်လို့ ဆိုပါတယ်။
နိုင်ငံမြောက်ပိုင်းက ဟိုဘင်ပြည်နယ်ဟာ မုန်တိုင်းဒဏ် အပြင်းအထန်ခံရပြီး လူပေါင်း ၂၀ သေဆုံးကာ၊ မြေပြိုမှုကြောင့် လူ ၈ဦးပျောက်ဆုံးနေတဲ့အတွက် စစ်သားတွေနဲ့ ရဲတွေဟာ ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းမှာပဲ ခနမ်လို့ အမည်ပေးထားတဲ့ အပူပိုင်း တိုင်ဖွန်းမုန်တိုင်းဟာလည်း တုံကင်ပင်လယ်ကွေ့ ကိုဖြတ်ကာ ဗီယက်နမ်နိုင်ငံကို ဦးတည်နေရာ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ မိုးပိုမိုရွာမယ်လို့ ခန့်မှန်း နေပါတယ်။