အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အခြား အမျိုးသား ၂ ဦးကို တရားမဝင် လက်နက်များ ကိုင်ဆောင်မှုဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာမည့် UB-142/ATR – 72/XYAJZ ဖြင့် လိုက်ပါမည့် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အခြားသူ ၂ ဦးတို့၏ ခရီးဆောင်အိတ်များကို လေဆိပ်လုံခြုံရေးအဖွဲ့က X-ray စက်တွင် ဖြတ်၍ စစ်ဆေးစဉ် နိုင်ငံခြားဖြစ် ပစ္စတို သေနတ် ၂ လက်နှင့် ကျည်ဆံများ တွေ့ရှိခြင်း ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ထံမှ သိရသည်။
“သေနတ်ကိုင်ခွင့် မရှိတဲ့သူမိုလို့ ဖမ်းတာပါ။ သေနတ်အမျိုးအစားက ပြည်တွင်းက လုပ်တဲ့ဟာ မဟုတ်ဘူး။ နိုင်ငံခြားမှာ လုပ်တဲ့ဟာ။ အမျိုးစားကောင်းတဲ့ဟာမျိုးပဲ။ ကျနော်တို့ဆီမှာ ဒီလိုဟာမျိုးလည်း သုံးလေ့သုံးထ မရှိဘူး။ သေနတ်က အတို။ ပစ္စတိုပေါ့။ ဒါက လက်နက်မိတဲ့အမှုပါ။ အကြမ်းဖက်မှုတွေနဲ့လည်း ပတ်သက်တာမျိုး မဟုတ်ပါဘူး။ မိတဲ့သူတွေကတော့ ဖြိုးကိုကိုတင့်ဆန်းနဲ့ ပတ်သက်တယ်လို့ ပြောလို့ရပါတယ်”ဟု နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။
သေနတ်အရေအတွက်ကို အတိအကျ မပြောနိုင်သေးဘဲ ၎င်းတို့ တည်းခိုနေထိုင်ခဲ့သည့် နေရာများကို ဆက်လက် စစ်ဆေးနေကြောင်း၊ ယခုည ၁၁ နာရီခန့်အထိ ယင်းအမျိုးသား ၃ ဦးကို နေပြည်တော်လေဆိပ်တွင် လုံခြုံရေးအဖွဲ့များက စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
“သေနတ်က အများကြီး မဟုတ်ဘူး။ သူတို့ကိုယ်လုံခြုံရုံအတွက်ပဲ ကိုင်ဆောင်တာပေါ့ဗျာ။ အခုလောလောဆယ် သူတို့ တည်းခဲ့တဲ့ နေရာကိုလည်း လိုက်ရှာနေလို့ သေနတ်ဘယ်နှစ်လက်လဲဆိုတာ အတိအကျ မပြောတာ။ ၅ နာရီခွဲလောက်အချိန် ပတ်ဝန်း ကျင်လောက်က ရန်ကုန်ကို ပြန်ထွက်မယ့်လေယာဉ်မှာ အဲဒီ ၃ ယောက်ကို ဖမ်းမိထားတာပါ”ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။
ထို့အပြင် ဆက်လက်ရှာဖွေရာ နေပြည်တော် ACE ဟိုတယ်တွင် သေနတ် ၅လက် ထပ်မံတွေ့ရှိကြောင်းသိရသည်။
နေပြည်တော် အခြေစိုက် ဧရာဝတီအကြီးတန်းသတင်းထောက် ထက်နိုင်ဇော် သတင်းပေးပို့သည်။