ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိမည် ဖြစ်ရာ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံကမ်းရိုးတန်းတွင် လှိုင်းကြီးနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ထိုမုန်တိုင်းငယ်သည် အောက်တိုဘာ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ကမ်းခြေ သို့ ဝင်မည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာမည့် မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းတွင် မိုးများမည် ဖြစ်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်း နှင့် လေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၃၅ မှ ၄၀ ကြားတွင် ဖြစ်နိုင်သည်။
မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “မုန်တိုင်းဟာ နောက်၂၄ နာရီအတွင်းမှာ မုန်တိုင်းငယ်အဆင့်ကို ရောက်နိုင်တယ်။ ရောက်ပြီးသွားရင်တော့ သူကအနောက်မြောက်ဘက်ထဲကို ဝင်မယ်ဆိုပြီးတော့ အခုလောလောဆယ် တွက်ချက် ချက်တွေအရ သိရပါတယ်” ဟု ဆိုသည်။
“ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမိုအားကောင်းလာပြီး ကြီးမားသောတိမ်တိုက်ကြီး တခု ဖြစ်ပေါ်နေသည့် အပြင်၊ အများဆုံး လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့် နဲ့ အမြင့်ဆုံးရေလှိုင်းအမြင့် ၁၀ ပေခန့်ရှိနေပြီဖြစ်ပါတယ်” မိုးလေဝသနှင် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ် တွင် ဖြစ်ခဲ့သော အပူပိုင်းမုန်တိုင်း Typhoon Khanun သည် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဟိုင်နန်ကျွန်းကိုဖြတ်သန်းခဲ့ပြီး ထိုမုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ ၊ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ နှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် လာမည့် ၇၂ နာရီအတွင်းတွင် မိုးများလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။