နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) တို့ နေပြည်တော်တွင် ယနေ့မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။
ထိုတွေ့ဆုံပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မစ္စတာ ဆွန်ကော့ရှန်သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ဆောင်ရွက်နေသည့် တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေး အတွက် တရုတ်နိုင်ငံ ကိုယ်စား ကြားဝင် စေ့စပ်ပေး နေသူ တဦးဖြစ်သည်။
အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) နှင့် အစိုးရ၊ တပ်မတော်တို့ကြား ဝင်ရောက် ညှိနှိုင်း ပေးနေသူလည်း ဖြစ်သည်။
ထို့ကြောင့် ယခု တွေ့ဆုံမှုသည် မြန်မာ- တရုတ် နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် အစိုးရကြား ယခုနှစ် မေလတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး အပြီး ရပ်တန့်နေသော ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းရေး လုပ်ငန်းစဉ်များ ပြန်စနိုင်ရေး အဓိကထား ဆွေးနွေးလိမ့်မည်ဟု မြောက်ပိုင်း မဟာမိတ် သတင်း ရင်းမြစ်များက ဆိုသည်။
“ကျနော်တို့နဲ့ အစိုးရကြား ဆွေးနွေးမှုတွေ ပြတ်တောက်သွားတာ ကြာပါပြီ။ တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် မစ္စတာ ဆွန်ကော့ရှန် ကပဲ ဆောင်ရွက်ပေး နေတာပါ။ အခုလည်း သူဒီကိစ္စကို နေပြည်တော်က ခေါင်းဆောင်တွေနဲ့ တွေ့ပြီး ဆွေးနွေးခဲ့မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပြီးသားပါ” ဟု FPNCC အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။
FPNCC တွင် ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။
အစိုးရကတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့များ အပါအဝင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုတို့ကို ယခုလ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော NCA ၂ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ထိုအဖွဲ့များက ရက်ကပ်ဖိတ်၍ အချိန်မရကြောင်းနှင့် FPNCC ကော်မတီအနေဖြင့် မဖိတ်၍ ဟုဆိုကာ အကြောင်းပြချက်များ ပေးကာ မတက်ရောက်ခဲ့ကြပေ။
နေပြည်တော်တွင် ပြုလုပ်ခဲ့သော ထိုခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အပစ်မရပ်သေးသည့် အဖွဲ့များအနေဖြင့် “NCA ကို လက်မှတ်ရေးထိုးဖို့ လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။ ဒီစာချုပ်မှာပါတဲ့ ကိစ္စတွေဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့ အခွင့်အရေးကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင် ထားတာ တခုမှ မပါပါဘူး” ဟု အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောဆိုသွားသည်။