ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေရာ မန်ရုံမော် ကျေးရွာ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။
ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မန်ရုံမော်ကျေးရွာ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် နယ်မြေ ကျော်လွန်ရောက်ရှိလာသော SSPP (တပ်မတော်ထုတ်ပြန်ချက်တွင် SSA (ဝမ်းဟိုင်း) အဖွဲ့မှ အင်အား ၄၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားနေစဉ် မွန်းခွဲ ၁ နာရီ ၄၀ မိနစ်တွင် အဆိုပါအဖွဲ့သည် အရှေ့မြောက်ဘက် သို့ ဆုတ်ခွာ သွားခဲ့ကြောင်း ဆိုသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ တာဝန်ရှိသူများကို ဆက်သွယ်မေး မြန်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။
တိုက်ပွဲအတွင်း တပ်မတော်သား တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး SSA (ဝမ်ဟိုင်း)အဖွဲ့မှ အဖွဲ့ဝင် ၅ ဦးကို အမ်- ၂၂ သေနတ် ၄ လက်၊ ၎င်းကျည်အိမ် ၆ ခုနှင့် ၎င်းကျည်း ၁၄၇ တောင့်၊ ဗုံးပစ်လောင်ချာ ၁ လက်၊ ဗုံးသီး ၂ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ စစ်အသုံးအဆောင်၁ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင် ၊ အဆိုပါ နေရာတဝိုက် အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ဧရာဝတီ သတင်းထောက် ချစ်မင်းထွန်း သတင်းပေးပို့သည်။