လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိထားသည့် ACE ကုမ္ပဏီပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းပါ ၄ ဦးအား နိုင်ငံ တော် လုံခြုံရေးကဲ့သို့ အဖွဲ့အစည်းတံဆိပ်များ၊ ဝတ်စုံများသုံးစွဲမှုနှင့်ပတ်သက်၍ နောက်ထပ် ပုဒ်မ ၃ ခုဖြင့် အောက်တိုဘာ ၁၈ ရက်က ထပ်မံအမှုဖွင့်ထားသည်။
ဖြိုးကိုကိုတင့်ဆန်း (ACE ကုမ္ပဏီဥက္ကဋ္ဌ)၊ ဖြိုးဗိုလ်ဗိုလ်(နေပြည်တော် FC ဘောလုံးအသင်း မန်နေဂျာ၊ စိုးမြင့်ကျော် (ACE ဟိုတယ် ရေ/မီးပြုပြင်ရေး၊ ချမ်းငြိမ်းအောင် (ACE ဟိုတယ်စားပွဲထိုး (၄)ဦး(ဖမ်းမိ)တို့ကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၁)(က)(င)၊ ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ၊ ဆက်သွယ်ရေး ပုဒ်မ ၆၇ တို့ဖြင့် သာကေတနယ် မြေရဲစခန်းတွင် ထပ်မံအမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
နိုင်ငံလုံခြုံရေး ထိခိုက်စေရန် တပ်(သို့)ရဲတပ်ဖွဲ့ဟု ထင်ယောင်ထင်မှားဖြစ်စေသည့် ဝတ်စုံကို ဝတ်ဆင်ခွင့်ရသူအဖြစ် ထင် မှတ်စေရန် မမှန်မကန် လက်ဝယ်ထားရှိခြင်း၊ သက်ဆိုင်ရာ အစိုးရဌာန၏ ခွင့်ပြုချက်မရှိဘဲ တံဆိပ်များအား အတုပြုလုပ် လက်ဝယ်ထားရှိခြင်း၊ National Security Council Special Forces Sprit Displine Power တံဆိပ်များအား ၎င်းပိုင်ယာဉ် များ၏ ရှေ့တံခါး ဝဲ/ယာနှင့် နီ/ပြာမီးတန်းအား ယာဉ်၏ခေါင်းမိုးတွင် တပ်ဆင်ထားပြီး၊ National Security Agency (NSA) စာသားအား ယာဉ်ရှေ့ လေကာ မှန်တွင်ကပ်ထားခြင်း၊ ဝတ်စုံအတုပြုလုပ်ခြင်းတို့ကြောင့် ထပ်မံအမှုဖွင့် အရေးယူလိုက် ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြိုးကိုကိုတင့်ဆန်းကို ဗဟန်းမြို့မရဲစခန်း၊ အေလာနယ်မြေရဲစခန်း၊ ဒက္ခိဏသီရိမြို့မရဲစခန်းတို့တွင်လည်း ထပ်တိုးပုဒ်မ ၃ ခု ဖြင့် အမှုဖွင့်ထားခြင်းသည်။
ဒက္ခိဏမြို့မစခန်းမှူး ဒုရဲမှူး မြင့်စိုးက ဖြိုးကိုကိုဆန်းအား ပုဒ်မ ၃ ခု ထပ်တိုးအမှုဖွင့်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ အတည်ပြုပြောဆိုပြီးခဲ့ပြီး ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ သည် ထောင်ဒဏ် ၃ နှစ်၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေသည် ထောင်ဒဏ် ၂ နှစ်နှင့် ဆက်သွယ်ရေး ပုဒ်မ ၆၇ သည် ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြောပြသည်။
“ဒက္ခိဏမှာ ပထမဦးဆုံး လက်နက်ဥပဒေ ၁၉(စ)နဲ့ဖွင့်တယ်။ နောက် အနေအထားအရ လက်နက်ယာယီပြင်ဆင်ဥပဒေ ၁၉-က နဲ့ ပြောင်းလဲစစ်ဆေးတယ်။ မနေ့က ဖွင့်လိုက်တဲ့ ပုဒ်မ ၃ ခုနဲ့ဆို ဒက္ခိဏမှာဖွင့်ထားတာ ၄ ခုရှိပါတယ်။ လတ်တ လောမှာတော့ ၁၉-က နဲ့ ကျနော်တို့ ရဲစခန်းမှာ စစ်ဆေးနေတာ ၂ ယောက်ရှိပါတယ်” ဟု ဒုရဲမှူး မြင့်စိုးက ရှင်းပြသည်။
အမှုဖြစ်စဉ်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် ပတ်သက်သည့် နေရာများမှ ဖမ်းမိထားသည့် သေနတ် အတိုအရှည် စုစုပေါင်း အလက် ၂၀ ကျော်ပြီဖြစ်ပြီး အမှုနှင့်ပတ်သက်သည့် လူပုဂ္ဂိုလ် ၁၂ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် နေပြည်တော် ဒုတိယရဲမှူး ယာယီရဲမှူးကြီး ရွှေသောင်း ဦးစီးပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ဒက္ခဏသီရိမြို့နယ်ရှိ Hotel ACE အခန်း H-1 နှင့် H-3 အတွင်း ဝင် ရောက်ရှာဖွေရာ Video Distributor (၁)လုံး၊ DVR စက် (၂)လုံး၊ ဒူးလေး (၂)၊ မှတ်စုစာအုပ် (၃)အုပ်တို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။
ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူး ရေးသားပေးပို့သည်။