ရုရှားရေတပ်မှ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးသင်္ဘောများအပါအဝင် စစ်သင်္ဘော ၃စီးဟာ ယနေ့မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းကို ဆိုက်ရောက်လာခဲ့ပါတယ်။
ဖိလစ်ပိုင် သမ္မတ ဒူတာတေး အာဏာရလာပြီးနောက် အသစ်ဖြစ်ပေါ်လာတဲ့ ဖိလစ်ပိုင် – ရုရှား စစ်ဘက်ဆက်ဆံရေးရဲ့ တစိတ်တဒေသအနေနဲ့ ရုရှားက ဖိလစ်ပိုင်ကို ပေးအပ်မယ့် လက်နက်များနဲ့ စစ်ဘကသုံးယာဉ်များပါ ဒီစစ်သင်္ဘောတွေက တင်ဆောင်လာတာဖြစ်ပါတယ်။
ရုရှားကပေးအပ်တဲ့ လက်နက်တွေကတော့ ချေမှုန်းရေး ရိုင်ဖယ် အလက် ၅ထောင်၊ ကျည်ဆန် ၁သန်းခန့်နှင့် စစ်ဘက်သုံးယာဉ် ၂၀ ဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်က ပြောပါတယ်။
ရုရှားစစ်သင်္ဘောတွေ အလည်လာရောက်ခြင်းဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး၊ ဖိလစ်ပိုင်အနေနဲ့ သူရဲ့ မဟာမိတ်ဟောင်း အမေရိကန်ရဲ့ ရန်သူနဲ့ အနီးကပ်ဆက်ဆံနေတာဖြစ်ပါတယ်။
ရုရှား ပစ္စိဖိတ်ရေတပ်မှ ဒုတိယတပ်မှူး မီခေးလ်လောဗ်က ဖိလစ်ပိုင်ဆိပ်ကမ်းမှာ ရုရှားသင်္ဘောတွေ ဆိုက်ကပ်ခြင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုသာမက ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ အကျိုးရှိစေတယ်လို့ ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုဂူဟာလည်း လာမည့်အပတ်မှာ ဖိလစ်ပိုင်မှာ ပြုလုပ်မယ့် ဒေသ တွင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ လာမှာဖြစ်ပြီး၊ ရုရှားနဲ့ ဖိလစ်ပိုင် အကြား စစ်လက်နက်ထောက်ပံရေးနဲ့ လုံခြုံရေးစာချုပ်ကို လည်း လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။
အလားတူ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်လည်း ယင်းအစည်းအဝေးကို လာရောက်မှာဖြစ်ပါတယ်။
လတ်တလောမှာ ဖိလစ်ပိုင်စစ်တပ်ဟာ တောင်ပိုင်းက မာရာဝီမြို့ကို သိမ်းပိုက်ထားတဲ့ အစ္စလာမ် အစွန်းရောက်ဝါဒီ တိုက်ခိုက်ရေးသမားတွေနဲ့ ရင်ဆိုင်နေရပြီး၊ မြို့သိမ်းတိုက်ပွဲ ဆင်နွဲလျှက်ရှိပါတယ်။