သတင်းတို

မောင်တောတွင် ဒိုင်းနက် ကျေးရွာသား ၄ ဦး သေနတ်အပစ်ခံရ ၂ ဦးသေ

ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း အောင်သပြေ ကျေးရွာနေ ဒိုင်းနက်တိုင်းရင်းသား ၄ ဦး သေနတ်အပစ်ခံရပြီး ၂ ဦးသေဆုံး သွားခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဒိုင်းနက် တိုင်းရင်းသား ၄ ဦးမှာ အသက် ၃၀ နှစ်ရှိ မောင်ငယ်လှနှင့် ရွှေသိန်းမောင်၊ အသက် ၃၈ နှစ်ရှိ ဦးစိန်လှ မောင်နှင့် အသက် ၂၂ နှစ်ရှိ မောင်ငယ်ထွန်း တို့ ဖြစ်သည်။ ၎င်းတို့သည် အောက်တိုဘာ ၂၂ ရက်နေ့က သားကောင် လိုက်လံ ရှာဖွေရင်း တောဝက်ခြေရာ တွေ့သည်ဟုဆိုကာ သွားကြရင်း မြန်မာ- ဘင်္ဂလားဒေ့ရ် နယ်စပ် မိုင်တိုင် အမှတ် ၄၆- ၄၇ အရောက်တွင် အကြမ်းဖက် ဘင်္ဂါလီ ၁၅ ဦးခန့်နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်ခဲ့မှု ဖြစ်ကြောင်း သိရသည်။

အောင်သပြေကျေးရွာမှ ဆရာတော် ဦးသုဒဿနက “ မနေ့က ညနေပိုင်းက ဖြစ်တာပါ ။ ဒဏ်ရာ နဲ့ ထွက်ပြေးလာတဲ့ ရွာသား ၂ ယောက်ကို မေးကြည့်တော့ ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ပစ်တယ်လို့ ပြောတယ်။ ဒဏ်ရာနဲ့ ၂ ယောက် ကိုတော့ စိုးရိမ်ရတဲ့ အခြေအနေကြောင့် ဆေးရုံကို ပို့လိုက်တယ်။ သေဆုံးသွားတဲ့ ၂ ယောက် အလောင်းကတော့ အခု ဘုန်းကြီးကျောင်းနားမှာ ထားတယ် ” ဟု ဧရာဝတီသို့ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးမောင်ငယ်လှတွင် ခါးပိုင်းဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ပေါင် ၁ ချက်၊ ဦးရွှေသိန်းမောင် တွင် ဦးခေါင်းပိုင်း မေးစေ့ အောက် ဒဏ်ရာ ၁ ချက်နှင့်ယာဘက် လက်မောင်း ဒဏ်ရာ ၁ ချက်စီ အသီးသီး ဒဏ်ရရှိ ပြီး လက်ရှိအချိန်တွင် ဘူးသီးတောင် ဆေးရုံတွင် အရေးပေါ် ခွဲစိတ်ကုသလျက် ရှိကြောင်း သိရသည်။

၎င်း ဖြစ်စဉ်အား မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးက အတည်ပြုသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ အပိုင် ဖြစ်သည့်အတွက် ဖြစ်စဉ် အသေးစိတ်ကို မသိ ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့ ကဆိုသည်။

Loading