ဖိလစ်ပိုင် တောင်ပိုင်း မာရာဝီမြို့ကို အကြမ်းဖက်သမားများလက်မှ ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်သည့်အတွက် စစ်ဆေးရေးများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်က ယနေ့ ကြေညာ လိုက် ပါတယ်။
IS လိုလားတဲ့ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေလက်ကနေ နောက်ဆုံးတိုက်ပွဲ ဆင်နွဲရာမှာ နိုင်ငံခြားသား စစ်သွေးကြွ ၅ဦးအပါအဝင် စုစုပေါင်း စစ်သွေးကြွ ၄၂ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း လည်း ပါရှိပါတယ်။
ယခုနှစ် မေလအတွင်းက ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းမှ မာရာဝီမြို့ကို အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲနှင့် မောက်တီအဖွဲ့တို့က နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ အကူအညီနဲ့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မာရာဝီမြို့ကို စစ်သွေးကြွတွေ လက်မှပြန်သိမ်းဖို့အတွက် ဖိလစ်ပိုင်စစ်တပ်က မေလ ၂၃ ရက်နေ့မှာ စစ်ဆင်ရေးစတင်ခဲ့ပြီး၊ အောက်တိုဘာလမှ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သမား၊ စစ်သားများနဲ့ အရပ်သား စုစုပေါင်း ၁၁၃၂ ဦးသေဆုံး ခဲ့ပြီး၊ ဒေသခံ ၂သိန်းကျော် အိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ရပါတယ်။
အဘူဆေယက်ဖ် အဖွဲ့ခေါင်းဆောင် အစ္စနီလွန် ဟပီလွန်နဲ့ မောက်တီအဖွဲ့ ခေါင်းဆောင် အိုမာမောက် တီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ရက်နေ့ မနက်ကဖြစ်တဲ့ တိုက်ပွဲမှာ အသေဖမ်းဆီးရမိခဲ့ပါတယ်။
မာရာဝီမြို့ကို ဝိုင်းရံထားတဲ့ စစ်ဆင်ရေးပြီးဆုံးပြီလို့ ကြေညာချိန်ဟာ မနီလာမြို့မှာ ၂ရက်ကြာ ကျင်းပ မယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်၊ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး မာရိုက် ပိန်းတို့အပြင် ရုရှားကာကွယ်ရေး ဝန်ကြီး တို့လည်း ရောက်ရှိနေပါတယ်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လိုရန်ဇာနာက “ကျနော်တို့ မာရာဝီမြို့သိမ်းတိုက်ပွဲ စစ်ဆင် ရေးတွေ အားလုံး အဆုံးသတ်ခဲ့ပါပြီ၊ စစ်သွေးကြွတွေလည်း မြို့ထဲမှာ မရှိတော့ပါဘူး”လို့ ကြေညာခဲ့ တာဖြစ်ပါတယ်။
ဒါအပြင် အကြမ်းဖက်သမားတွေဟာ အစွန်းရောက် အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို ဖိလစ်ပိုင်နဲ့ ဒေသတွင်းကို တင်သွင်းဖို့ ကြိုးစားလာတာကို ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေး အတွက် ကျနော်တို့အနေနဲ့ တားဆီးခဲ့ရတယ်လို့လည်း ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။