ဂျာမနီနိုင်ငံ မြို့တော် ဘာလင် နေရာ ၄နေရာကနေ လက်နက်နှင့် ကျည်ဆန်အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး အစ္စလာမ်အစွန်းရောက် ဝါဒီများနဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆရသူ အမျိုးသားတဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း ဘာလင်ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်ပါတယ်။
ဘာလင်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ ပြီးခဲ့တဲ့ ညက နေရာ ၄နေရာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ အသက် ၄၀ အရွယ်ရှိ ဂျာမန်လူမျိုးတဦးကို ဖမ်းဆီးလိုက်ကာ ယနေ့နှောင်းပိုင်းမှာ တရားသူကြီးဆီကို ခေါ်ဆောင် ကာ ရုံးထုတ်သွားမယ်လို့ သိရပါတယ်။
အာဏာပိုင်များကတော့ ဒီ စီးနင်းလက်နက်ရှာဖွေမှုတွေဟာ လပေါင်းများစွာ စုံစမ်းစစ်ဆေး ပြီးမှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပြီး၊ အသေးစိတ်ပြောပြခြင်းတော့ မရှိပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ခရစ်မတ် အကြိုကာလက ဘာလင်မြို့လယ်က ရှေး ဟောင်း ဘုရားကျောင်း Kaiser Wilhelm ရဲ့ အပြင်ဘက်က ဈေးတန်းထဲကို တူနီးရှားလူမျိုး အကြမ်းဖက်သမားတဦးက ထရပ်ကားကို အရှိန်ပြင်းပြင်းမောင်းနှင်ကာ ဝင်တိုက်တဲ့အတွက် ၁၂ဦးသေဆုံးကာ ၄၈ဦး ဒဏ်ရာရရှိ ခဲသလို၊ ဇူလိုင်လအတွင်းကလည်း အာဖဂန်လူမျိုး ဒုက္ခသည် လူငယ်တဦးကလည်း ဝုဖ်ဘတ်နဲ့ အော့စင်ဖတ် သွားရထားပေါ်မှာ ခရီးသည်တွေကို တိုက်ခိုက်တဲ့အတွက် ၂၁ ဦး ဒဏ်ရာရခဲ့ပါတယ်။