သတင်းတို
ရခိုင်ပြည်နယ်သို့ ရိက္ခာပေးပို့ခွင့်ရဟု ကုလသမဂ္ဂပြော
မွတ်ဆလင်များထံ ရိက္ခာ အကူအညီပေးပို့မည့် အစီအစဉ်နှင့် အချိန်ဇယား အသေးစိတ်ကို မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေ / Reuters
၂ လနီးပါးမျှ ရပ်ဆိုင်းထားခဲ့ရသော ရိက္ခာ အထောက်အပံ့များကို ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ပြန်လည်ပေးပို့ရန် မြန်မာအာဏာပိုင်များက သဘောတူလိုက်ပြီဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် -WFP ၏ပြောခွင့်ရသူ ဘက်တီနာ လုစ်ချာက သောကြာနေ့တွင် ပြောဆိုကြောင်း ဂျနီဗာမှ လာသော ရိုက်တာသတင်းအရ သိရသည်။
“ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိက္ခာ အကူအညီပေးရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ WFP ကို ခွင့်ပြုလိုက်ပါပြီ။ အသေးစိတ်တွေကို အစိုးရနဲ့ ညှိနှိုင်းနေပါတယ်” ဟု လုစ်ချာက ဂျနီဗာတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြောင်း သတင်းက ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆက်လက်နေထိုင်နေသော မွတ်ဆလင်များထံ ရိက္ခာ အကူအညီပေးပို့မည့် အစီအစဉ်နှင့် အချိန်ဇယား အသေးစိတ်ကို မပြောသော်လည်း ထိုအသေးစိတ်များကို မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း သတင်းက ဆိုသည်။