သတင်းတို

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး နိုဝင်ဘာတွင် တနိုင်ငံလုံး၌ ထိုးနှံမည်

အသက် ၉ လမှ ၁၅နှစ်အတွင်း ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို နိုဝင်ဘာလ အတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည်ဟု အောက်တိုဘာ ၃၀ ရက်က မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး) တွင် ပြုလုပ်သည့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် အသိပေးဆွေးနွေးပွဲမှ သိရသည်။

“ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် မိသားစုနဲ့ တိုင်းပြည်အတွက် အားထားရမယ့် အနာဂတ်မျိုးဆက်ကလေးတွေ မဆုံး ရှုံးစေချင်ဘူး၊ ထိခိုက်စေတယ်၊ ဖြစ်ပွားမှုနှုန်းများတယ်၊ ရောဂါပြင်းထန်တယ်၊ အသက်ဆုံးရှုံးနိုင်တယ်၊ အသက်ရှင် ရင်တောင် တသက်တာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်သွားမယ်၊ဒါကြောင့် ကလေးတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေး ရပါမယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဆိုပါပွဲတွင် ပြောသည်။

လာမည့် နိုဝင်ဘာ ၁၅ ရက်မှ၂၃ ရက်အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် အသက် ၁၅ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၀ ရက် အထိ လူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် အသက် ၉ လမှ ၅ နှစ်အထိ ကလေးငယ်များ၊ ၁၅ နှစ်အထိ ကျောင်းမနေသော ကလေးသူငယ်များ၊ ကျောင်းအခြေပြု ကာကွယ်ဆေးအစီအစဉ်တွင် ပျက်ကွက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် မူလက တိရိစ္ဆာန်များတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ ခြင်ကတဆင့် လူကို ကူးစက် လာခြင်းဖြစ်ပြီး အသက် ၁၅ နှစ်အောက် ကလေးငယ်များကို အဖြစ်များကာ ကူးစက်တတ်သောရောဂါ တမျိုးဟု သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေး ၁၀ မျိုးကို ပုံမှန် ထိုးနှံပေးလျက်ရှိပြီး အသက် ၅ နှစ်အောက် ကလေးငယ်များ ကူးစက် ရောဂါ ဖြစ်ပွား သေဆုံးမှုမရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဂျပန်ဦးနှောက်ရောင် ရောဂါသည် ယခုအခါ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတရပ် ဖြစ်လာ၍ ယင်းကိုထိန်းချုပ်နိုင်ရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၃၉၄၀ ဦီးရှိသည့်အနက် ဂျပန်ဦးနှောက်ရောင် ရောဂါပိုးတွေ့ လူနာ ၇၄၅ ဦးရှိသဖြင့် ၁၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း ဦးနှောက်ရောင်ရောဂါ ပိုးတွေ့လူနာ ၁၉ ဦးရှိသဖြင့် ၁၆ ရာခိုင်နှုန်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

Loading