ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဒမ်ရေးကြောင့် သေဆုံးသူဦးရေမှာ ၆၉ ဦးအထိရှိလာတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း ဒမ်ရေးဟာ ယခုနှစ်အတွင်း ဗီယက်နမ်ကို ဝင်ရောက်ခဲ့တဲ့ ၁၂ခုမြောက် မုန်တိုင်းဖြစ်ပြီး၊ ဗီယက်နမ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးကော်မတီရဲ့ အဆို အရ လူပေါင်း ၆၉ ဦးသေဆုံးကာ ၃၀ခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မုန်တိုင်းဟာ ကမ္ဘာ့အကြီးဆုံး ရိုဘတ်စ်တာ ကော်ဖီထုတ်လုပ်ရာဖြစ်တဲ့ အဓိကဒေသကိုလည်း တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လအတွင်းက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့်လည်း နိုင်ငံအလယ်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှု တွေ ဖြစ်ခဲ့ရာ လူပေါင်း ၈၀ ဦးကျော် သေဆုံးခဲ့ရပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဒမ်းရေး တိုက်ခတ်ချိန်ဟာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ အာရှ- ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အဖွဲ့ ခေါင်းဆောင်တွေတွေ့ဆုံမယ့် အစည်းအဝေးကျင်းပမှာနဲ့ တိုက်ဆိုင်နေပါတယ်။
APEC အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံမှ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စတဲ့ ဒေသတွင်း ခေါင်းဆောင်များလည်း တက်ရောက်မှာဖြစ်ပါတယ်။
အဲဒီအတွက် ဒါနန်းမြို့နားမှာ ရေလွှမ်းမိုးမှုတွေမဖြစ်အောင်အတွက် ဗီယက်နမ်အာဏာပိုင်တွေက အဓိက နေရာ ၇နေရာမှာ ပြည့်လျှံနေတဲ့ ရေတွေကို ဒီကနေ့ ဖောက်ထုတ်လိုက်တယ်လို့ ဆိုပါတယ်။