ကာတာနိုင်ငံ ဒိုဟာမှ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ ပျံသန်းတဲ့ ကာတာလေကြောင်းလိုင်းမှ ခရီးသည် တင်လေယာဉ် တစီးမှာလိုက်ပါလာတဲ့ အီရန် လင်မယားရန်ဖြစ်ရာမှ လေယာဉ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း AFP သတင်းကဆို ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သန်းခေါင်ယံလေယာဉ်ခရီးစဉ်မှာ လိုက်ပါလာတဲ့ အီရန်မိသားစုမှ အမျိုးသမီး က ယောက်ျားဖြစ်သူ အိပ်ပျော်နေစဉ် လက်ကိုအသာမယူကာ လက်ဗွေဖတ်စနစ်နဲ့ လုပ်ထားတဲ့ ယောက်ျားရဲ့ဖုန်းကို ဖွင့်ပြီး ဖတ်ရာမှ အခြား အမျိုးသမီးတဦးနဲ့ အချစ်ဇတ်လမ်းကို အသေးစိတ် ဖတ်ပြီးနောက်မှာ ဒေါသပေါက်ကွဲကာ စတင်တိုက်ခိုက်တာဖြစ်ပြီး၊ လေယာဉ်ဝန်ထမ်း များက ဝင်ရောက်ဖြန်ဖြေပေမယ့် အခြေအနေကို မထိန်းနိုင်တာကြောင့် လေယာဉ်ကို အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ လေယာဉ်ကွင်းကို အရေးပေါ်ဆင်းသက်လိုက်ရတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ ထိုအမျိုးသမီး၊ ကလေးနှင့် ခင်ပွန်းကို လေယာဉ်ပေါ်မှ ဆင်းသက်စေပြီးနောက်မှာ လေယာဉ်ဟာ ဘာလီသို့ ဆက်လက်ပျံသန်းစေခဲ့ကြောင်း လုံခြုံရေးအရာရှိတဦးကပြောပါတယ်။
“သူတို့မိသားစု ချန်နိုင်းမှာ တညအိပ်ပြီး ကွာလာလမ်ပူကို Batik Air လေကြောင်းလိုင်းက လေယာဉ်နဲ့ ပို့ပေးလိုက်တယ်၊ ရဲက အရေးယူတာတော့ မရှိဘူးလို့” လုံခြုံရေး အရာရှိကပြောပါတယ်။
ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ကာတာလေကြောင်းလိုင်းကို ဆက်သွယ်နိုင်ခြင်းမရှိကြောင်း အဆိုပါသတင်း ကဆိုပါတယ်။