ထိုင်းနိုင်ငံ ချွန်ဖော်ပြည်နယ် ထရန်ရှိ ရာဘာစိုက်ခင်းအတွင်း ထိုင်းအမျိုးသမီးတဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာအမျိုးသားတဦးကို ဖမ်းဆီးထားကြောင်း Bangkok Post သတင်းကဆိုသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အသက် ၃၃နှစ်အရွယ်ရှိ ဖီလာပန်ဆိုသူ ထိုင်းအမျိုးသမီး၏ ရုပ်အလောင်းကို လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သည့် ၂ရက်ခန့်က သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ခန့်မှန်းကြောင်း ရဲက ယူဆသည်။
ထိုအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က နေ့ချင်းလိုက်လံစုံစမ်းပြီးနောက် သူမ၏ ယောက်ျားဖြစ်သူ “အို” ဟု မြန်မာ အမျိုးသားအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ “အို”ဆိုသည့် မြန်မာအမျိုးသားကပင် ပြီးခဲ့သည့် အင်္ဂါနေ့က သေဆုံးသူ ဖီလာပန်၏ အဖေ ၎င်း၏ ယောက္ခမဖြစ်သူထံ ဖုန်းဆက်ပြီး သူမအပေါ် ကျူးလွန်ခဲ့မိသည်များကို တောင်းပန်ကြောင်း၊ ၎င်းအပြင် သူမရှိမည့်နေရာကိုပါ ပြောဆိုခဲ့ရာ၊ သေဆုံးသူ၏ ဖခင် အခွန် ဖီလာပန်က အလောင်းကို ရှာဖွေပြီးနောက် ရဲထံသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဖီလာပန်မှာ ယခင်က အိမ်ထောင်ရှိသူဖြစ်ရာ၊ အိမ်ထောင်ဟောင်းနှင့် ပတ်သက်၍ မနာလို ဝန်တိုသည့်အတွက် အသတ်ခံရခြင်းဖြစ်ကြောင်း ရဲကဆိုသည်။