ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များကို ဖိနိုပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံရှိ ရင်းနှီးမြုပ်နှံ မှုများကို ရုတ်သိမ်းရန် ပက်ထရိုနပ်စ် စွမ်းအင်ကုမ္ပဏီအား မလေးရှား လွှတ်တော်အမတ်များက တောင်းဆိုလိုက်သည်။
ပန်ဒန်ပါတီမှ အမတ် ရာဖီဇီနှင့် အမတ် ၅ဦးက ဦးဆောင်ပြီး အမတ် ၄၇ဦးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်းဖြစ်ပြီး “မြန်မာအစိုးရအနေဖြင့် ဘင်္ဂလီများအပေါ် ကျူးလွန်မှုများအတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း”လည်းဖော်ပြထားသည်။
ပက်ထရိုနပ်စ် စွမ်းအင်ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံအတွင်း စီးပွားရေး ရင်းနှီးမြုပ်နှံမှုနဲ့ တခြားမည်သည့် လုပ်ငန်းမဆို ဆက်လက်မလုပ်ကိုင်ရန် တောင်းဆိုထားပြီး၊ လူနည်းစု ဘင်္ဂလီများကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုမချင်း ရပ်ဆိုင်း ထားရန်၊ အသိအမှတ်မပြုပါက ဤတောင်းဆိုချက်ကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်သက်ရောက်ရန် လည်းတောင်းဆိုထားသည်။
မလေးရှားအခြေစိုက် ပက်ထရိုနပ်စ် စွမ်းအင် ကုမ္ပဏီသည် ကပ္ပလီပင်လယ်အတွင်း ရဲတံခွန်သဘာ၀ ဓာတ်ငွေ့ တူးဖော်နေသည့် ကုမ္ပဏီဖြစ်သည်။
ယခုတောင်းဆိုချက်နှင့် ပတ်သက်၍လည်း ပက်ထရိုနပ်စ် ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် ဇာကီဖလီးဝမ် အရီဖန်ထံ စာတစောင်ပေးပို့ထားပြီး ဆွေးနွေးရန် ဖော်ပြထားသည်။