သတင်းတို

လွှတ်တော်အား Drone ဖြင့်ဓာတ်ပုံရိုက်ရန် ကြိုးပမ်းမှုဖြင့် ၄ ဦး ထောင် ၂ လစီ ချမှတ်ခံရ

နေပြည်တော် လွှတ်တော်အဆောက်အအုံ အနီး Drone ယာဉ်ဖြင့် ဓာတ်ပုံရိုက်ကူးရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထားသော တူရကီအခြေစိုက် TRT သတင်းဌာနအတွက် စကားပြန်လုပ်ဆောင်နေသည့် သတင်းထောက် ကိုအောင်နိုင်စိုး အပါအဝင် ၄ ဦးကို ၁၉၃၄ ခုနှစ် လေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀ အရ ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ကြောင်း သိရသည်။

ကိုအောင်နိုင်စိုးက “လက်ရှိ ထောင်ဒဏ် ၂ လ အကျခံရတယ်။ ၁၉၃၄ ခုနှစ် လေယာဉ် အက်ဥပဒေ ပုဒ်မ ၁၀ အရပေါ့။ ဒါပေမယ့် ကျနော်တို့ တရားစွဲတဲ့ အချိန်မှာ ပုဒ်မ ၈ နဲ့ပဲ စွဲတာကို သိထားတာပေါ့နော်။ ဒီရောက်မှ ဥပဒေပုဒ်မ ၁၀ နဲ့ဆွဲတယ်ဆိုတာ သိလိုက်ရတယ်။ ထောင်ဒဏ် ၃ လနဲ့ ဒဏ်ငွေ ၅ သောင်း ချနိုင်တဲ့ဟာ ကျနော်တို့ကို ထောင်ဒဏ် ၂ လ ချလိုက်တယ်။ ၄ ယောက်စလုံးကို ချလိုက်တာပါ”ဟု တရားရုံးက အထွက်တွင် ပြောသည်။ ကိုအောင်နိုင်စိုး အပါအဝင် စင်ကာပူ နိုင်ငံသား၊ မလေးရှားနိုင်ငံသူတဦးနှင့် ယာဉ်မောင်း ဖြစ်သူ ဦးလှတင်တို့ကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် လေယာဉ်အက်ဥပဒေဖြင့် ထောင် ၂ လစီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး သွင်းကုန်ထုတ်ကုန် ဥပဒေဖြင့် အမှုဖွင့်ထားဆဲ ဖြစ်သည်။ တရားသူကြီးက အမှုစစ်ရာတွင် နိုင်ငံခြားသားများလည်း ပါဝင်သဖြင့် လာမည့် ရုံးချိန်းတွင် အစိုးရဘက်မှ စကားပြန်တဦး ခေါ်ဆောင်လာခဲ့ရန် ညွှန်ကြားချက် ပေးခဲ့ပြီး ရုံးချိန်းကို လာမည့် ၁၆ ရက်နေ့သို့ ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

၁၉၃၄ ခုနှစ် လေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀ အရ ဥပဒေချိုးဖောက်မှုတခုကို ၃ လထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ၅၀၀၀၀ ကျပ်ထက် မပိုသော ငွေဒဏ် သို့မဟုတ် နှစ်မျိုးလုံး ကျခံနိုင်ကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်။

Loading