YBS ယာဉ်လိုင်းအမှတ် ၃၅ မှ ခရီးသည်တင်ယာဉ်1F / 5771 သည် မြေနီကုန်းမှ ဟယ်လ်ပင် မှတ်တိုင်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ အလုံလမ်းနှင့် ပြည်လမ်းထောင့်၌ တခြား ယာဉ် ၈စီးကို ဆက်တိုက်ဝင်ရောက် တိုက်ခိုက်မှုတခု ယနေ့ နေ့လည် ၁နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
YBS 35 ယာဉ်လိုင်းမှ လက်ထောက်မန်နေဂျာ ဦးဝင်းတင်က “ပတ်ဝန်းကျင်ပြောပြချက်အရ ကားက မြေနီကုန်းတံတား အဆင်းကတည်းက ဘရိတ်ပေါက်လာပြီး၊ အဲဒီအနားက ကားတွေကို ဝင်တိုက်လာ တာ နောက်ဆုံး မီးပွိုင်မှာ ရပ်ထားတဲ့ YBS 21 ယာဉ်ကို နောက်ကဝင်တိုက်ပြီးမှ ရပ်သွားတဲ့ ပုံမျိုးဖြစ်နေတယ်”ဟု ဧရာဝတီကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူ ၂ဦး ဒဏ်ရာရခဲ့ပြီး ဝင်တိုက်မိသည့် ကားများမှ ကား ၆ စီးမှာ အပျက်အစီးအတော် များကြောင်း၊ ဝင်တိုက် သည့် YBS 35 ယာဉ် မောင်းသည် ဒဏ်ရာရသော်လည်း မပြင်းထန်ကြောင်း၊ လတ်တလောတွင် အဖမ်းခံထား ရပြီး အသေးစိတ်အချက်အလက် များကိုမူ မသိရှိရသေးကြောင်း ၎င်းက ရှင်းပြသည်။
YBS ၃၅ ယာဉ်လိုင်းသည် ထောက်ကြန့်မြို့ရှောင်လမ်းမှ မော်တင်အထိ ပြေးဆွဲနေသည့် ယာဉ်လိုင်းတခုဖြစ်ပြီး ပြည်လမ်းမှ မော်တင်ဘက်အသွားတွင် ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။