အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဗီယက်နမ်ခရီးစဉ်အတွင်း စွမ်းအင်ကဏ္ဍ၊ မော်တော်ကား ထုတ် လုပ်ရေးနှင့် လေယာဉ်အင်ဂျင်များ ရောင်းချထောက်ပံရေးအတွက် အမေရိကန်နှင့် ဗီယက်နမ် ကုမ္ပဏီများ အကြား နားလည်မှု စာချွန်လွှာ(MoU) ရေးထိုးကြောင်း Bangkok Post သတင်းက ဆိုသည်။
စွမ်းအင်ကဏ္ဍ၌ ပက်ထရိုဗီယက်နမ် ရေနံနှင့် သဘာဝဓာတ်ငွေ့ အုပ်စုနှင့် အမေရိကန် အခြေစိုက် AES ကော်ပိုရေးရှင်းနှင့် Alaska Gasline Development ကော်ပိုရေးရှင်းတို့ အကြား ရင်းနှီးမြုပ်နှံမှုနှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်ရေး အတွက် MoU ရေးထိုးခဲ့ပြီး၊ ဗီယက်နမ်လေကြောင်း အတွက် လေယာဉ် အင်ဂျင်များရောင်းချရေးနှင့် ပြုပြင်ရေးအတွက် Pratt & Whitney အမေရိကန် လေယာဉ်ထုတ်လုပ် ရေးနှင့်လည်းကောင်း၊ Vietjet လေကြောင်းအတွက် လေယာဉ်အင်ဂျင် ၂၀ ရောင်းချရေးနှင့် ထောက်ပံ ရေးတို့ အပါအဝင် သဘောတူညီမှုများ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အလားတူ ဗီယက်နမ် ထရပ်ကားထုတ်လုပ်ရေး Hoang Huy နှင့် အမေရိကန်ထရပ်ကား ထုတ်လုပ် ရေး ကုမ္ပဏီ Navistar နိုင်ငံတကာ ကော်ပိုရေးရှင်းတို့အကြား ပူးပေါင်းဆောင်ရွက်ဖို့ MoU လက်မှတ် ရေး ထိုးကြောင်းသိရသည်။
ယခုလက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များ၏ တန်ဖိုးပမာဏ အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိပေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်နေ့ ၂ရက်တာ ကျင်းပသည့် ၂၅ကြိမ်မြောက် အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး၊ ဗီယက်နမ်သမ္မတ ထရမ့် ဒိုင်ကွမ် နှင့် တွေ့ဆုံကာ ၎င်းတို့နှစ်ဦး မျက်မှောက်တွင် နှစ်နိုင်ငံ စီးပွားရေးအတွက် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။