အာဖရိကတိုက်ရှိ ဇင်ဘာဘွေနိုင်ငံ အာဏာရှင် ရောဘတ် မူဂါဘီ အစိုးရထံမှ စစ်တပ်က ယနေ့ အာဏာ သိမ်းလိုက်ကြောင်း Reuters သတင်းကဆိုပါတယ်။
အာဏာရှင် ရောဘတ် မူဂါဘီ လက်ထက်မှာ တရားမဲ့ ဥပဒေချိုးဖောက်မှုတွေနဲ့ လူမှုစီးပွားရေး အထွေထွေ ပြဿနာတွေ ကြောင့် အာဏာသိမ်းရခြင်းဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်ပေမယ့်၊ အသက် ၉၃နှစ်ရှိပြီဖြစ်တဲ့ မူဂါဘီနဲ့ သူ့ရဲ့ မိသားစု ကတော့ လုံခြုံတဲ့ အနေအထား မှာ ရှိတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ နိုင်ငံပိုင် အသံလွှင်ရုံကို သိမ်းပိုက်ကာ ပုံမှန်အခြေအနေကို မကြာမီမှာ ပြန်ရောက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအာဏာရ ဇာနူး ပီအက်ဖ် ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဇင်ဘာဘွေ စီးပွားရေး ဝန်ကြီး ချွန်ဘို ကိုလည်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
မြို့တော် ဟာရာရေး အနှံမှာ စစ်သားတွေကိုု ဖြန့်ချထားလိုက်ပြီး၊ ဇာနူးပီအက်ဖ် ပါတီကတော့ ဒါဟာ စစ်တပ်ရဲ့ နိုင်ငံတော် သစ္စာဖောက်မှု ဖြစ်သလို သွေးရူးသွေးတန်းနိုင်တဲ့ အာဏာသိမ်းမှုပဲလို့ ဝေဖန် လိုက်ပါတယ်။
အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဇာနူး ပီအက်ဖ် ပါတီခေါင်းဆောင် အာဏာရှင် ရောဘတ်မူဂါဘီဟာ လူဖြူအုပ်စိုးတဲ့ ရိုဒီးရှားအစိုးရကို တော်လှန်ခဲ့ပြီးနောက် ၁၉၈၀ ခုနှစ်မှာ စတင်အာဏာရလာကာ ၁၉၈၇ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်မှာ သမ္မတအာဏာရယူခဲ့ပါ တယ်။
သူအုပ်ချုပ်တဲ့ ၃၇ နှစ်တာကာလမှာ ဇင်ဘာဘွေ(ရိုဒီးရှား)ဟာ စီးပွားရေး၊ လူမှုရေး ချွတ်ခြုံကျမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ငွေကြေးဖောင်းပွမှုနှုန်ဟာ အဆမတန်မြင့်မားခဲ့ပါတယ်။
နိုင်ငံရေး သက်တမ်းတလျှောက် ပြိုင်ဘက်တွေကို ထောင်သွင်းအကျဉ်းချကာ တိုင်းပြည်အပေါ် ရက်စက်စွာ အုပ်ချုပ်ခဲ့တဲ့ ရောဘတ်မူဂါဘီကို ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံက ကွန်ဖြူးရှပ် ငြိမ်းချမ်းရေး ဆုလို့ခေါ်တဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။