မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူဟာ လာမည့် ၂၀၁၈ ဘောလုံးရာသီမှာ ထိုင်းလိဂ်(T1) ပွဲစဉ်က BEC တယ်ရိုဆက်ဆနာ အသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီလို့ Thai Futbol Facebook Page ရဲ့ ရေးသားချက်ကို ကိုးကားပြီး foxsportsasia သတင်းကဆိုပါတယ်။
Thai Futbol Facebook Pageရဲ့ အဆိုအရ BEC တယ်ရိုဆက်ဆနာအသင်းဟာ ယခုနှစ်မှာ ရဲတပ်ဖွဲ့ အသင်း (Police United )နဲ့ ပေါင်းစည်းကာ Police Tero အမည်နဲ့ ပြိုင်ပွဲဝင်သွားမယ်လို့ သိရပါ တယ်။
အသက် ၂၁ နှစ်သာရှိသေးတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူဟာ ကစားပုံ ကျွမ်းကျင် ပါးနပ်သူအဖြစ် အသိအမှတ်ပြုထားကြပြီး ရတနာပုံကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကြီးမှာ ပုံမှန် ကစားနေသူဖြစ်ကာ နိုင်ငံတကာပွဲစဉ်တွေမှာ ၈ဂိုးအထိ သွင်းယူထားသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ယူ – ၂၀ ကမ္ဘာ့ဖလားအတွက် သမိုင်းဝင်အဆင့်မီ ကစားနိုင်ခဲ့သူ အောင်သူကို မြန်မာတို့ကလည်း တိုင်းပြည်အတွက် အားထားရဆုံး ကြယ်ပွင့်ကစားသမားအဖြစ် အသိအမှတ်ပြု ထားပါတယ်။
အောင်သူရဲ့ ကောင်းမွန်သေသပ်တဲ့ ကစားဟန်က နိုင်ငံတကာအထိ ခြေစွမ်းပြဖို့ အလားအလာ ကောင်းတဲ့အတွက် ထိုင်းအသင်း BEC တယ်ရိုဆက်ဆနာ ဘက်ကလည်း အကြိုက်ဆုံးအဖြစ် အကဲဖြတ်ခဲ့ပြီးဖြစ် တာကြောင့် သူ့ရဲ့ နိုင်ငံတကာ ကစားသမားဖြစ်ရေး နောက်ဆုံး အဆင့်ဖြတ်သန်း ရန် နီးကပ်လာပြီလို့ ဆိုပါတယ်။
မီးနဂါးလို့ နာမည်ပြောင်ပေးထားတဲ့ ဘန်ကောက်အခြေစိုက် BEC တယ်ရိုဆက်ဆနာအသင်းရဲ့ လက်ရှိ အခြေအနေမှာ ရုန်းကန်နေရပြီး၊ တန်းဆင်းမဆင်းနိုင်ပေမယ့်လည်း လက်ရှိ T1 မှာ ပြိုင်ပွဲ ၁၈ သင်း ကစားနေရာမှာ အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။
အသင်းရဲ့ ပြင်သစ်လူမျိုး တိုက်စစ်မှူး မိုက်ကယ်အန်ဒရီနဲ့ ဝါရင့်တောင်ပံကစားသမား ဝီချန် နန်ထဆရီ တို့ အသင်းမှ ထွက်သွားပြီးနောက် အောင်သူလို အလားအလာကောင်းတဲ့ ကစားသမားနဲ့ ရှေ့တန်းမှာ အားဖြည့်ဖို့ လိုအပ်လာပြီလို့လည်း ဆိုထားပါတယ်။
အောင်သူဟာ ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ပူးတွဲထိပ်တန်းဂိုးသွင်းသူ အဖြစ် ထင်ရှားပြီး သူနဲ့အတူ ဗီယက်နမ်ကစားသမား ငုယင့် ကွန်ဖုအွန်နဲ့ မလေးရှားကစားသမား အန်သန် နဘလန်းတို့ရဲ့ အမည်ဟာ ရေပန်းစားလျှက်ရှိပါတယ်။