သတင်းတို

လှိုင်မြို့နယ် ၃ လောင်းပြိုင်လူသတ်မှု တရားခံ ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ လှိုင်မြို့နယ် သီရိမွန်အိမ်ရာ အမှတ် တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှု၏ တရားခံကိုဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း သိရသည်။

လှိုင်မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက “ တရားခံကို မိထားပါပြီ။ ဘာကြောင့် သတ်တာလဲဆိုတဲ့ အကြောင်းအရင်းကို လောလောဆယ် စခန်းမှာ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ သေဆုံးသူတွေ၊ တရားခံနဲ့ ပတ်သက်ပြီးတော့ သတင်းသက်သက်ထုတ်ပြန်ပေးပါမယ်´´ဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က လှိုင်သီရိအိမ်ရာ ရှိ တိုက်ခန်းတခုတွင် အနံ့များထွက်နေသဖြင့် စစ်ဆေးရာမှ အမျိုးသမီး အလောင်း ၃ လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အသတ်ခံရသူမှာ စားသောက်ဆိုင်တခုမှ မန်နေဂျာဖြစ်သော အသက် ၄၀ နှစ်ရှိ မကေသီထွန်း၊ ၎င်း၏ သမီး အသက် ၉ နှစ်အရွယ် မသာယာထွန်းနှင့် အိမ်အလုပ်သမားဖြစ်သူ အသက် ၂၅ နှစ် အရွယ်ရှိ မအေးမာဦးတို့ဖြစ်သည်။

ဖြစ်စဉ်မှာ မကေသီထွန်း အလုပ်လုပ်ကိုင်သည့် စားသောက်ဆိုင်မှ ဝန်ထမ်းဖြစ်သော ဇွဲလင်းထက် ဆိုသူက သေဆုံးသူ၏နေအိမ်သို့ လာရောက်ကာ လစာတိုးပေးရေး ပြောဆိုရာမှ အပြန်အလှန် စကားများကြပြီး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူ၏ လက်ဝတ်လက်စားများ၊ ကားနှင့် ငွေများကိုပါ ယူဆောင်သွားကြောင်းသိရသည်။

အလောင်းများကို တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က ကွင်းဆက်လိုက် စုံစမ်းရာမှ ပြစ်မှုကျုးလွန်သည့် တရားခံကို ၎င်းနေထိုင်ရာ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လတ်တလောတွင် အမှုကို လှိုင်မြို့မ ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂/ ၃၉၄ဖြင့် အမှုဖွင့်လှစ်ကာ တရားခံအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်ပိုင်း အတွင်း ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသားတဦး၊ အမျိုးသမီး တဦးနှင့် ကလေး ၂ ဦး နေအိမ်တွင်း သတ်ဖြတ်ခံရသည့် ၄ လောင်းပြိုင် လူသတ်မှုလည်း ဖြစ်ပွားထားပြီး လက်သည်တရားခံများကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading