ရိုမန်ကက်သလစ် ဘာသာဝင်တို့ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လာမည် နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြန်မာပြည်သို့ လာရောက်မှာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး မလာရောက်မီ မြန်မာပြည်သူများကို ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်း နှုတ်ခွန်းဆက် သတင်းစကားကို ပြောကြားခဲ့ပါတယ်။
ဗာတီကန် နဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မတ်လမှာ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူညီ ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေလအတွင်းက သွားရောက်ခဲ့တဲ့ ဥရောပခရီးစဉ်မှာ ဗာတီကန်သို့ သွားရောက်ကာ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပြီး သံတမန်ဆက်ဆံရေး တရားဝင်ထူ ထောင်ခဲ့တာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လည် ၁နာရီခွဲမှာ ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက် ရှိမှာဖြစ်ပြီး၊ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ နေပြည်တော်ကို သွားရောက်ကာ သမ္မတ ဦးထင်ကျော်နဲ့ သွားရောက် တွေ့ဆုံမှာဖြစ်သလို ညနေပိုင်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သီးခြားတွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒါအပြင် နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ သံတမန်တွေကို မိန့်ခွန်းမြွက်ကြားမှာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ရန်ကုန်ကိုပြန်ကာ နိုဝင်ဘာ ၂၉ရက်နေ့ မနက်မှာတော့ ကျိုက္ကဆံမှာ ဘာသာဝင် များနဲ့ လူထုဆုတောင်းပွဲ ပြုလုပ်ကာ တရားဟောကြားမှု ပြုလုပ်မှာဖြစ်ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ ကမ္ဘာအေးမှာရှိ သံဃမဟာနာယက နဲ့ တွေဆုံမှာဖြစ်သလို မြန်မာကက်သလစ် ဆရာတော်ကြီးများနဲ့လည်း စိန်မေရီ ဘုရားကျောင်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ မနက်မှာတော့ စိန်မေရီ ဘုရားကျောင်းမှာ လူငယ်တွေနဲ့ ဘုရားဝတ်ပြုပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ ကြာသာပတေးနေ့မှာ အာဂျင်တီးနားမြို့တော် ဗျူနိုအေးရိစ်မှာ အီတလီလူမျိုး မိဘနှစ်ပါး ဖြစ်တဲ့ မာရီယို ဘာဂိုလီယို နဲ့ ရီဂျင်နာ မာရီယာ ဘာဂိုလီယိုတို့ ကနေ မေးဖွားခဲ့တာဖြစ်ပါတယ်။
ငယ်နာမည်ကတော့ ဂျော့ချ် မာရီယို ဘာဂိုလီယို ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး အဖြစ် တာဝန်လွှဲပြောင်း ယူခဲ့တဲ့ အခါမှာတော့ ခရစ်ယာန် သူတော်စင် စိန့်ဖရန်စစ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဘွဲ့ကို ခံယူခဲ့ပါတယ်။
ငယ်စဉ်က ဓာတုဗေဒပညာရပ်ကို လိုက်စားခဲ့ပေမယ့် နောက်ပိုင်းမှာ ဗျူနိုအေးရိစ်တက္ကသိုလ် ဒဿနိကဗေဒနဲ့ ခရစ်ယာန် ဓမ္မပညာဘွဲ့ရခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၁၉၅၈ ခုနှစ် မတ်လမှာ ဂျေဇွိတ် ဂိုဏ်းဝင်ဖြစ်လာပြီး၊ ၁၉၆၉ ခုနှစ်မှာ ခရစ်ယာန် ရဟန်းတပါးဖြစ်လာပြီးနောက်ပိုင်းမှာ အာဂျင်တီးနားဆိုင်ရာ ဂျေဇွိတ်ဂိုဏ်း အကြီးအကဲဖြစ် တာဝန်ယူခဲ့ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြိုက ဆန့်ခ် ဂျော်ဂျန် ဒဿနိကဗေဒနဲ့ ခရစ်ယာန် ကျမ်းစာကျောင်းကနေ ပါရဂူဘွဲ့ ရယူခဲ့ပါတယ်။
၁၉၉၈ ခုနှစ်ကနေ ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခြင်းမခံရမီအထိ ဇာတိမြို့ ဗျူနိုအေးရီစ်မြို့ရဲ့ ကက်သလစ်ဂိုဏ်းချုပ် တာဝန်ယူခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ ကာဒီနယ်အဖြစ် တိုးမြှင့်ခံရကာ၊ ၂၀၁၃ ခုနှစ် မတ်လမှာတော့ ကက်သလစ် သာသနာရဲ့ အမြင့်ဆုံးသော ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ ရပါတယ်။
ထူးခြားချက်ကတော့ အရင် ပုပ်ရဟန်းများကြီးများလို ဥရောပတိုက်မှ ဆင်းသက် လာသူမဟုတ်ဘဲ တောင်အမေရိကတိုက်ကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီးအဖြစ် ခန့်အပ်ခံရသူလို့ ဆိုနိုင်ပါတယ်။
သူ့ရဲ့ ဘဝတလျှောက်လုံးမှာ ဘာသာရေး ခေါင်းဆောင်တဦး အဖြစ်သာ ရပ်တည်ခဲ့ပြီး၊ မိမိကိုယ် မိမိ နှိမ့်ချတတ်ခြင်း၊ ဆင်းရဲနွမ်းပါးသူများကို ကြင်နာသနားခြင်း၊ လူသားတို့အကြား ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ ပေါင်းကူးပေးခြင်းတို့ကြောင့် အထူးပဲ ထင်ရှားပါတယ်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ အမေရိကန်သို့ သွားရောက်စဉ် ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းရာ ပထမဆုံး လွှတ်တော်မှာ မိန့်ခွန်းပြောတဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်လာပါတယ်။
လိင်တူဆက်ဆံခြင်းကို “ဖောက်ပြန်ခြင်း” လို့ လက်ခံပြီး ၊ လိင်တူချင်း လက်ထပ်ပေါင်းသင်းခြင်းကို ဆန့်ကျင်ပေမယ့် လိင်တူ ဆက်ဆံသူများကို လေးစားစွာ ပြုမူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို Time မဂ္ဂဇင်းကနေ ၂၀၁၃ ခုနှစ်ရဲ့ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ မျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။