သတင်းတို

တိုက်ချင်းပစ် ဒုံးလက်နက် စမ်းသပ်မှုအတွက် သမ္မတ ကင်ဂျုံအန်း အောင်ပွဲခံ

တိုက်ချင်းပစ် ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်သည့်အတွက် ကုလသမဂ္ဂက အပါအဝင် ကမ္ဘာတလွှား နိုင်ငံများက အပြင်း အထန် ရှုတ်ချနေသည့်ကြားမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြုံးရွင်စွာနဲ့ ဒုံးပျံစခန်းတွေကို ယနေ့ သွားရောက် စစ်ဆေးပြီး အောင်ပွဲခံခဲ့တဲ့ ဓာတ်ပုံများ အစိုးရပိုင် KCNA က ထုတ်ပြန်ပါတယ်။

ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက မြောက်ကိုရီးယားအတွက် သမိုင်းဝင် နျူကလီးယား ဒုံးပျံတပ်ဖွဲ့ကို တည်ဆောက် နိုင်ပြီဖြစ်တယ်လို့ ပြောဆိုကြောင်းလည်းပါရှိပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ခြိမ်းခြောက်နေတဲ့ကြားမှ Hwasong-15 အမျိုးအစား တိုက်ချင်းပစ် ဒုံးလက်နက်ကို မနေ့နံနက် စောစောပိုင်းက ဂျပန်ပင်လယ်ထဲကို ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး၊ အဆိုပါ ဒုံးလက်နက်ဟာ ဂျပန်စီးပွားရေး ဇုန်ထဲကို ကျရောက်သွားပါတယ်။

ထိုသို့ ဒုံးပျံပစ်လွှတ်စမ်းသပ်ပြီး မကြာမီပါပဲ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ချက်ချင်းခေါ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟေလီက ကမ္ဘာနိုင်ငံများ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး၊ သံတမန်ဆက်ဆံရေးနဲ့ စစ်ရေးအပါအဝင် တခြားသော ဆက်ဆံရေးများ ကို ဖြတ်တောက်ဖို့ တိုက်တွန်းလိုက်သလို မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ကမ္ဘာကြီးကို စစ်ပွဲအတွင်း ဆွဲသွင်းနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက ဒုံးလက်နက်ပစ်လွှတ်လိုက်ခြင်းကြောင်း အိမ်းနီးချင်းနိုင်ငံများရဲ့ လုံခြုံရေးကို အဖျက်သဘောမဆောင် ကြောင်း ပြောဆိုပေမယ်၊ သူတို့ရဲ့ ဒုံးလက်နက်ဟာ အမေရိကန်အထိ ရောက်ရှိနိုုင်တယ်လို့လည်း ပြောလိုက်ပါတယ်။

ယနေ့မှာတော့ မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ် နေပါတယ်။

Loading