သတင်းတို

ပုသိမ်မြို့နယ်ထဲတွင် တောဆင်ရိုင်း တကောင် သောင်းကျန်းနေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အနောက်ခြမ်းဒေသရှိ ကျောက်ဖျာကျေးရွာအုပ်စုတွင် အမြင့် ၇ ပေခန့်ရှိသည့် တောဆင်ရိုင်း တကောင် နိုဝင်ဘာ ၂၈ ရက်နေ့မှစတင်၍ ဝင်ရောက်သောင်းကျန်းနေသဖြင့် ဒေသခံများ ထိတ်လန့် ကြောက်ရွံ့နေရကြောင်း သတင်းရရှိသည်။

ကျောက်ဖျာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဌေးက “အဲဒီဆင်က တော်တော်ဆိုးတယ်။ လူမကြောက်တဲ့အပြင် ရွာထဲအထိပါ ဝင်သောင်းကျန်းတဲ့ အဆင့် ဖြစ်နေတယ်။ ဆင်ကခွာလိမ်နေတော့ ကျနော်တို့ဘက်ခြမ်းမှာ ခွာလိမ်ကြီးလို့ လူသိများတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သူက ဆက်၍ “ကျနော်တို့ ကျောက်ဖျာအုပ်စု ကျွန်းကလေးကျေးရွာမှာ ဝက်တကောင်ကို ခြေထောက်နဲ့နင်းပြီးသတ်ပစ်တယ်။ ရွာသစ်ကျေးရွာမှာလည်း အိမ်တလုံးကိုဖျက်ဆီးသွားတယ်။ အဲတော့ ကျနော်တို့ဒေသခံတွေမှာ အဲဒီဆင် ဘယ်အချိန်လာမလဲ လန့်နေရတယ်”ဟု ဆိုသည်။

အဆိုပါ တောဆင်ရိုင်းအား မောင်းထုတ်ရန်အတွက် သစ်တောရဲတပ်ဖွဲ့ဝင်များနှင့် ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ ကျောက်ဖျာကျေးရွာသို့ ရောက်ရှိလာပြီး ဆင်မောင်းသည့် ကွန်ချီစွယ်စုံဆင် ၂ ကောင်နှင့် ဟိုင်းဆင် ၂ ကောင် အသုံးပြုကာ ဆင်ရိုင်းနှင်ထုတ်ရန် ပြင်ဆင်နေကြောင်းသိရသည်။

ပုသိမ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ၂၀၁၅ ခုနှစ်တွင် ရွာသားတဦး ဆင်နင်းခံရကာ သေဆုံးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်လည်း တောင်ယာစိုက်ပျိုးသူ တဦး ဆင်နင်းခံရ၍ သေဆုံးခဲ့ကြောင်းသိရသည်။

Loading