ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးတွင် တွေ့ရှိခဲ့သော ဗုံးမှာ ဗုံးအတုများဖြစ်ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန က ယနေ့မွန်းလွဲပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
ဘန်ကောက်မြို့ မြန်မာသံရုံးအဟောင်းအတွင်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးအတွင်းတွင် မသင်္ကာဖွယ်ရာ ပလတ်စတစ် အထုပ်တခုကို မြန်မာစံတော်ချိန် ၉ နာရီခွဲခန့်က တွေ့ရှိခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့မှ လာရောက် စစ်ဆေးရာတွင် ပလက်စတစ်ပိုက်အတွင်း ဆန်များ ထည့်ထားသော ဗုံးသဏ္ဍာန်ပြုလုပ်ထားသော အထုပ်တထုပ်သာ ဖြစ်သည်ဟု ဆိုသည်။
ထိုဖြစ်စဉ်ကြောင့် သံရုံးဗီဇာထုတ်ပေးရေးလုပ်ငန်းစဉ်ကို ၃ နာရီခန့် ယာယီ ရပ်ဆိုင်းခဲ့ရပြီး မွန်းလွဲပိုင်းတွင် မူလအတိုင်း ပြန်လည် လည်ပတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအရာရှိ ဦးမိုးအောင်ခိုင် က ဧရာဝတီသို့ ပြောသည်။
မြန်မာသံရုံးမှ တာဝန်ရှိသူများအနေဖြင့် သံရုံးနှင့် ဝန်ထမ်းအိမ်ရာ လုံခြုံရေးအပါအဝင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခန်းလုံခြုံရေးတို့ကို အထူးဂရုပြု ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
ဆက်စပ်ဖတ်ရှုရန်- ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် လက်လုပ်မိုင်း တွေ့