သတင်းတို

အမေရိကန်- တောင်ကိုရီးယား ပူးတွဲ လေတပ်စစ်ရေးလေ့ကျင်မှုကြီး စတင်

နောက်ဆုံးပေါ် စတြဲလ်တိုက်လေယာဉ် ၂ဒါဇင် အပါအဝင် လေယာဉ် ရာပေါင်းများပါဝင်တဲ့ အမေရိကန်- တောင်ကိုရီးယား ပူးတွဲ လေကြောင်း စစ်ရေးလေ့ကျင့်မှုကြီး ကို ယနေ့ စတင် လိုက်ပါတယ်။

Vigilant Ace လို့ အမည်ပေးထားတဲ့ ပူးတွဲ လေတပ်လေ့ကျင့်မှုကို ၅ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးပျံ ပစ်လွှတ်ပြီးနောက်မှာ ယခုကဲ့ နှစ်နိုင်ငံ လေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးကို ပြုလုပ်ခြင်းဖြစ်ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက Vigilant Ace စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မဟာမိတ်တို့အနေနဲ့ စစ်ကာလ လှုပ်ရှားနိုင်တဲ့ စွမ်းရည်နဲ့ အသင့်ရှိမှု အနေအထားကို စမ်းသပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် အမှတ် ၇ လေတပ်က မဟာဗျူဟာကျတဲ့ နောက်ဆုံးပေါ် စတြဲလ်တိုက်လေယာဉ် F-22 ၆စီး၊ F-35 ၁၈စီးကို ပေးပို့ထားသလို၊ လေယာဉ်ပေါင်း ၂၃၀နဲ့ စစ်သည်အင်အား ၁သောင်း ၂ထောင်ပါဝင်တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာတော့ B -1B အမျိုးအစား မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေလည်း ဒီစစ်ရေး လေ့ကျင့်မှုမှာ ပါဝင်မယ်လို့ ရေးသားပေမယ့်၊ တရားဝင် ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးပါဘူး။

အမေရိကန် အမှတ် ၇ လေတပ် ထုတ်ပြန်ချက်ကတော့ ဒီစစ်ရေးလေ့ကျင့်မှုကို နှစ်တိုင်းကျင်းပ နေတာဖြစ်ပြီး၊ မကြာသေးမီက မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်မှုကို တုံ့ပြန်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ Vigilant Ace အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား စစ်ပွဲဖြစ်ဖို့ တွန်းပို့ နေတာဖြစ်တယ်လို့ ဆိုလိုက်သလို ကျူးကျော်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

Loading