သတင်းတို

သီပေါတွင် တပ်မတော်က ဒေသခံတချို့ကို အဓမ္မခိုင်းစေခြင်းများ ပြုလုပ်ဟု ရှမ်း လူ့အခွင့်အရေး အဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများ စစ်ရေးလှုပ်ရှားစဉ် ဒေသခံ ရှမ်းတိုင်းရင်း သား တချို့ကို အဓမ္မ ခိုင်းစေခြင်းများ ပြုလုပ်သွားသည်ဟု ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်က ယနေ့ သတင်း ထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာလ ၂၈ ရက်က နောင်ကော် အခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်း (ခမရ) – ၁၄၇ မှ တပ်ဖွဲ့ဝင်များက ကား ၂စီးဖြင့် ခါးချိုရွာကို ရောက်လာပြီး အသက် ၅၀ အရွယ်ရှိ လုင်းဆု ဆိုသူကို ပလောင် (တအာင်း) ရွာသို့ လမ်းပြအဖြစ် အဓမ္မ ခေါ်ဆောင်သွားသည်ဟု ရေးသားထားသည်။

ပလောင်ရွာကို ရောက်မှသာ လုင်းဆုကို ပြန်လွှတ်ပေးခဲ့ကြာင်း၊ လုင်းဆုသည် စစ်ကြောင်းများ သွားလိုသည့် နေရာကို လမ်းပြရန် အဓမ္မ ခိုင်းစေခံရသူဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်တွင်လည်း နမ့်လင်းရွာအနီး တပ်မတော်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း၊ နမ့်လင်း ရွာအနီး ထော်လာဂျီဖြင့် သွားလာနေသည့် လယ်သမား လုင်းပုံးကို တပ်မတော် စစ်ကြောင်းများက တားဆီးကာ ပါလာသည့် ဖရဲသီး ၁၀ လုံးကို ငွေမပေးချေဘဲ ယူ သွားကြောင်း၊ ထော်လာဂျီကိုလည်း ဆက်သွားခွင့် မပြုဘဲ တည ရပ်နားခိုင်းထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ထို့အပြင် နိုဝင်ဘာလ ၃၀ ရက်ကလည်း ပါကန်းရွာတွင် တပ်မတော် စစ်ကြောင်းများက ရွာအတွင်းမှ ရွာသား ၃ဦးကို ထော်လာဂျီ ၃စီး မောင်းနှင်ခိုင်းပြီး တပ်မတော် တပ်စခန်းတခုကို ပို့ခိုင်းကြောင်း၊ ထော်လာဂျီစီးသည့် အတွက် အခကြေး ငွေ လည်း ပေးသွားခြင်း မရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

အထက်ပါဖြစ်စဉ်အားလုံး ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်သည် သီပေါမြို့နယ်အတွင်း၌ တပ်မတော်နှင့် SSPP/SSA တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေချိန် ဖြစ်သည်ဟုလည်း ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်က ဆိုသည်။

Loading