သတင်းတို

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီသစ် အစုရှယ်ယာဈေးနှုန်း မကြာမီကြေညာမည်

ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်လာသော TMH Telecom ကုမ္ပဏီ၏ အစုရှယ်ယာရောင်းချမည့် ဈေးနူန်းကို လာမည့် ဖေဖော်ဝါရီ လဆန်းပိုင်း၌ ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံကြီးကြပ်ရေး ကော်မရှင် (SECM) မှ သိရသည်။

အဆိုပါ ကုမ္ပဏီသည် YSX သို့ စာရင်းဝင်ကုမ္ပဏီဖြစ်ရန်အတွက် အလားအလာညွှန်းတမ်းကို SECM သို့ တင်ပြပြီး ဖြစ်သောကြောင့် ရှယ်ယာရောင်းချရာတွင် ဈေးနူန်းသတ်မှတ်သည့် ကြေညာဆိုင်းဘုတ် ထောင်ခြင်းကို ပြုလုပ်ရန် SECM က အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံကြီးကြပ်ရေး ကော်မရှင် (SECM)အဖွဲ့ဝင် ဦးဌေးချွန်က ဧရာဝတီသို့ ပြောသည်။

“စာရင်းဝင်လုပ်တဲ့ကိစ္စပြီးသွားရင် အရင်စာရင်းဝင် ကုမ္ပဏီတွေ နဲ့ တွေ့ရမယ်။ နောက်တခါ ကိုယ့်ကုမ္ပဏီအကြောင်းကို ရင်းနှီးမြှုုပ်နှံမယ့် သူတွေကို ဖိတ်ပြီးတော့ ပြရမယ်။ ဈေးနူန်းသတ်မှတ်ဖို့ စာရင်းဝင်ကုမ္ပဏီတွေ အားလုံးရှိရမယ်။ ဈေးနူန်းသတ်မှတ်ပြီးရင် ဈေးနူန်းထည့်ပြီး ပြန်တင် အဲဒီအခါကျမှ လိုအပ်ချက်နဲ့ အန်ကယ်တို့ SECM ကနေပြီးတော့ နောက်ဆုံး တည်ပြုချက် ပေးရမယ်။ အဲဒီလုပ်ဆောင်ရမယ့် ရက်ပေါင်းအကုန်လုံးက ၃၅ ရက်လောက်လိုမယ်” ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ဒါကြောင့် အခုကနေ နောက် ၃၅ ရက်ဆိုတော့ ဇန်နဝါရီလပထမ ပတ်လောက်မှာ ကျမှာဖြစ်တယ်။ လိုအပ်တာတွေလုပ်နေတယ်။ အဲဒီတော့ ဇန်နဝါရီကုန်လောက် ဖေဖော်ဝါရီဆန်းလောက်မှာ ရန်ကုန်စတော့အိတ်ချိန်းမှ ဈေးနူန်းကို ထပ်မံကြေငြာပေးမှာ ဖြစ်တယ်”ဟု ပြောသည်။

TMH Telecom ကုမ္ပဏီ၏ အစုရှယ်ယာရောင်းချမည့် ဈေးနူန်းများနှင့် သတင်းအချက်အလက်များကို ရန်ကုန် စတော့အိတ်ချိန်းရုံးမှ ထပ်မံကြေငြာပေးမည် ဖြစ်သည်။

ဆက်သွယ်ရေးလုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် TMH Telecom ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၌ အများပိုင် ကုမ္ပဏီ အဖြစ်သို့ ပြောင်လဲခဲ့ရာ ယခုနှစ် ဇွန် ၂၃ ရက်အထိ အစုရှယ်ယာပေါင်း ၁၁၅၄၆၂၄၀ စု ရှိနေပြီး မ,တည်ငွေရင်းမှာ ကျပ် ၁၁ ဒသမ ၅ ဘီလျံကျော် (၁၁ ၅၄၆ ၂၄၀ ၀၀၀) ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က စတင်ကာ ရန်ကုန် စတော့အိတ်ချိန်းသို့ ပထမပုဂ္ဂလိကဘဏ် လီမိတက်(FMI)၊ မြန်မာနိုင်ငံသားများဘဏ် လီမိတက် (MCB)၊ မြန်မာသီလဝါအက်(စ်) အီး ဇက် ဟိုး(လ်) ဒင်း(စ်) ပတ်ပလစ် လီမိတက် (MTSH) တို့ကလည်းကောင်း၊ ပထမ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လီမိတက် (FPB) က ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း စာရင်းဝင်ခဲ့ပြီး TMH Telecom ကုမ္ပဏီသည် ပဉ္စမမြောက်စာရင်းဝင် ကုမ္ပဏီ ၁ ခုဖြစ်လာသည်။

Loading