ရုရှားရေတပ် ပစ္စိဖိတ်တပ်တော်စုမှ ဖျက်သင်္ဘော Panteleev ဟာ မြန်မာနိုင်ငံကို ယနေ့မှ စတင်ကာ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၄ရက်တာ ချစ်ကြည်ရေးခရီးလာရောက်မယ်လို့ ရန်ကုန်အခြေစိုက် ရုရှားသံရုံးက ထုတ်ပြန်ပါတယ်။
ရေတပ် ဗိုလ်ချုပ်ကြီး အက်ဒဝပ် မီးခေးလော့ဗ် ဦးဆောင်တဲ့ ရေတပ်စစ်သည် ၂၉၃ဦးပါ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး သင်္ဘော Panteleev ဟာ သီလဝါဆိပ်ကမ်း မှာ ဆိုက်ကပ်မှာဖြစ်ပြီး ၊ ဧရာဝတီ ရေတပ်စခန်းနဲ့ ရန်ကုန်မြို့တွင်း သွားရောက် လည်ပတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုခရီးစဉ်ဟာ ရုရှားနဲ့ မြန်မာအကြား ချစ်ကြည်ရေး အဓွန်ရှည်စေရန်နှင့် နှစ်နိုင်ငံအကြား စစ်ဘက် ဆက်ဆံရေး ပိုမို အားကောင်းလာစေရန် ၊ အပြန်အလှန် ယုံကြည်လေးစားမှု တည်ဆောက်ရန် ဖြစ်ကြောင်းသိရပါတယ်။
Panteleev ဟာ အရှည် ၁၆၃ မီတာရှိတဲ့ Udaloy အမျိုးအစား ရေငုပ်သင်္ဘော တိုက်ဖျက်ရေး သင်္ဘောဖြစ်ပြီး ၁၉၈၈ ခုနှစ်ကတည်းက ရုရှားရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ၂၀၀၉ ခုနှစ် မတ်လမှာ အာဖရိက ဦးချိုဒေသရှိ ဆိုမာလီကမ်းရိုးတန်းမှာ နိုင်ငံတကာ ရေကြောင်းလုံခြုံရေး အတွက် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ အမေရိကန်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံများ သို့လည်း ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
မြန်မာပြည်ခရီးစဉ်အတွင်း သီလဝါဆိပ်ကမ်း၌ ဆိပ်ကပ်ထားစဉ် ဒီဇင်ဘာ ၉ရက်နေ့ နံနက် ၁၀နာရီမှ နေ့လယ် ၃နာရီအတွင်း အများပြည်သူ လေ့လာနိုင်ရန် စီစဉ်ထားကြောင်းဆိုပါတယ်။