ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့အဖြစ် ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာ ကီရတ် ဆသီရာထိုင်း၊ ဆွီဒင်ပါလီမန် အဖွဲ့ဝင် Urban Ahlin ၊ အမေရိကန် နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ် ရေးမှူးဟောင်း ဘီလ် ရစ်ချတ်ဆန်၊ ဗြိတိန် ဘုရင့်ကောင်စီ အဖွဲ့ဝင်ဟောင်း ပါမောက္ခ လော့ဒ် ဒါဇီ၊ တောင်အာဖရိက ကာကွယ်ရေး ဝန်ကြီးဟောင်း မေယာတို့ အပါအဝင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ကုလသမဂ္ဂ လက်ထောက် အတွင်း ရေးမှူးချုပ်ဟောင်း ဦးထွန်းမြတ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင် လေး၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဒေါက်တာ ဒေါ်ခင်ညို တို့နှင့် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းကော်မတီ၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော အကြံဉာဏ်များ ရယူနိုင်ရန် အတွက် အကြံပေး အဖွဲ့ကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများနှင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။