မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ဆိုင်ရာ နည်းဥပဒေ ယခု တပတ်အတွင်း အတည်ပြု ပြဋ္ဌာန်းတော့မည် ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “မသန်စွမ်း နည်းဥပဒေက အတည်ပြုပြီ။ နောက်ရက် ထဲမှာ ကြေညာတော့မယ်။ အစိုးရက တရားဝင် ထုတ်ပြန်ဖု့ိပဲ လိုတော့တယ်။။ ရက်ပိုင်းလေးပဲ။ ထွက်ပြီလို့တောင် ပြောလို့ရတယ်”ဟု ဆိုသည်။
မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ် မေလကတည်းက ပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ မရှိသဖြင့် နှစ်နှစ်ကျော်ကြာ အသက်မဝင်ဘဲ ရှိနေခဲ့ခြင်း ဖြစ်ရာ နည်းဥပဒေကို မကြာခင် အတည်ပြု ပြဋ္ဌာန်းတော့မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
ဥပဒေထွက်ရှိလာပါက မသန်စွမ်းသူများ၏ အခွင့်အရေး အပြည့်အ၀ ရရှိရေးမှာ ကိုင်တွယ် ဆောင်ရွက်မည့် ဥပဒေဝန်ထမ်းများပေါ်တွင်သာ မူတည်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ဧရာဝတီသို့ ပြောသည်။
“ဘယ်လောက်ထိ အားသာချက် ဖြစ်မလဲဆိုရင် ဥပဒေကို တာဝန်ယူဆောင်ရွက်ကြတဲ့ ဝန်ထမ်း တွေပေါ်မှာ မူတည်တယ်။ ဥပဒေကို ဝန်ထမ်းတွေက ဘယ်လောက်ထိ နားလည်ပြီး ဘယ်လောက်ထိ မှန်မှန်ကန်ကန် တိတိကျကျ ဆောင်ရွက်ပေးမလဲ ဆိုတဲ့ပေါ်မှာပဲ မူတည်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်က ပြဋ္ဌာန်းခဲ့ပြီး ဥပဒေတွင် လူ့အခွင့်အရေး၊ အခြေခံလွပ်လပ်ခွင့်များ တန်းတူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သွားလာနေထိုင်ရေး၊ အလုပ်အကိုင်၊ မသန်စွမ်းသူများ၏ အခွင့်အရေးကို ဖောက်ဖျက်မှုများအပေါ် တားမြစ်ချက်၊ ပြစ်ဒဏ်စသဖြင့် အခန်း ၁၇ ခန်း ပါရှိသည်။