ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တွင် ဘက်စုံပြန်လည်ထူထောင်ရေးစခန်း တခုကို ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်တဲ့ဟာ အများကြီး ပါတယ်။ မူးယစ်ဆေးစွဲသူတွေတင်မကဘူး။ လမ်းပေါ်နေကလေးများ၊ တောင်းရမ်း စားသောက်သူများ၊ အကာအကွယ်မဲ့ သက်ကြီးရွယ်အိုတွေပါမယ်၊ ကလေးစစ်သားကနေ ပြန်ထွက်လာတဲ့သူတွေ ဆိုလည်း စိတ်ရော၊ လူရော ပြန်လည်စောင့်ရှောက်ပေးရမယ်။ တိုက်ပွဲရှောင်တွေ၊ သက်ငယ်မုဒိမ်းတွေ၊ ပြည့်တန်ဆာဆိုလည်း ပြန်လည်ထူထောင်ဖု့ိလိုတယ်ဆို ဒီကို ရောက်လာမှာပေါ့”ဟု ပြောသည်။
အဆိုပါပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ရန်အတွက် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ဒီဇင်ဘာ သီရိဂေဟာ အိမ်ရာဝင်းအနီးရှိ ဧက ၅၀ ခန့်ရှိသော မြေနေရာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ လိုအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အားလုံးကို ယခုတည်ဆောက်မည့် ဘက်စုံပြန်လည်ထူထောင်ရေးစင်တာတွင် တစုတစည်းတည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တည်ဆောက်မည့် မြေနေရာသို့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။