စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်၊ ပျဉ်ဈေးရပ်ရှိ ဇွဲမိသားစုနေအိမ်တွင် ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီကျော်ခန့်က အနုကြမ်းစီးခံရမှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းက သိရသည်။
ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်မောင်က “အခင်းဖြစ်ရပ်က တရားခံကို ဖမ်းဆီးရမိဖို့ စုံစမ်းနေပါတယ်၊ အမှုဖြစ်စဉ် အသေးစိတ်တော့ ပြောလို့မရသေးဘူး၊ ပစ္စည်းတွေ ပါသွားတာလည်း မရှိပါဘူး၊ ဒဏ်ရာရ တဲ့သူတွေက စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး”ဟု ပြောသည်။
အခင်းဖြစ်ပွားမှုတွင် အိမ်ရှင်အမျိုးသား၊ ဇနီးနှင့် သမီးဖြစ်သူတို့ သုံးဦးဒဏ်ရာများရရှိခဲ့သော်လည်း ဖြစ်ပွားသည့် အခြေအနေ အသေးစိတ်ကို မသိရကြောင်း၊ လက်ရှိတွင် ဒဏ်ရာရသူများကို ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။
အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေဘိုမြို့မရဲစခန်းမှ (ပ) ၇၀၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။